
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ အီဘိုလာရောဂါဖြစ်ပွားမှု ပြီးဆုံးသွားပြီလို့ ကွန်ဂိုကျန်းမာရေး အရာရှိတွေနဲ့ ကုလသမဂ္ဂလက်အောက်ခံ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့က ဒီဇင်ဘာ ၁ ရက်မှာ ပြောပါတယ်။ နိုင်ငံအတွင်း ၄၂ ရက်ဆက်တိုက် ရောဂါအသစ် ထပ်ပြီး မတွေ့ရသေးပါဘူး။
ကွန်ဂိုနိုင်ငံ၊ ကာဆိုင်းပြည်နယ်က ဘူလာပီ ကျန်းမာရေးဇုန်မှာ ရောဂါကို ဖော်ထုတ် တွေ့ရှိပြီးတဲ့နောက် စက်တင်ဘာ ၄ ရက်မှာ ကြေညာခဲ့တဲ့ အီဘိုလာရောဂါဖြစ်ပွားမှုဟာ ၂၀၂၂ ခုနှစ်နောက်ပိုင်း နိုင်ငံထဲမှာ ပထမဆုံးဖြစ်ပါတယ်။
ကူးစက်ခံရသူ စုစုပေါင်း ၆၄ ယောက်အနက် ၄၅ ယောက် သေဆုံးပြီး ၁၉ ယောက် ပြန်ကျန်းမာလာတယ်လို့ ကွန်ဂို ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ရောဂါဖြစ်ပွားမှု အစောပိုင်းကာလတွေကစပြီး ကွန်ဂိုဟာ ထိခိုက်ခံရတဲ့နေရာတွေကို အာဏာပိုင်တွေက အမြန်မြေပုံရေးဆွဲပြီး ကူးစက်မှုကို ထိန်းချုပ်နိုင်စေဖို့ ပြန်ပြင်ထားတဲ့ အမျိုးသား စောင့်ကြည့်ရေးစနစ်ကို သုံးခဲ့ပါတယ်။
ကွန်ဂိုဟာ အခုတော့ ရောဂါစောင့်ကြည့်မှု တိုးမြှင့်ခြင်း ရက် ၉၀ ကာလကို စတင်တော့မယ်လို့လည်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
အီဘိုလာရောဂါဖြစ်ပွားမှုဟာ ၁၉၇၆ ခုနှစ်မှာ ရောဂါကို ပထမဆုံး ဖော်ထုတ်တွေ့ရှိပြီးတဲ့ နောက်ပိုင်း ဗဟိုအာဖရိကဒေသက ကွန်ဂိုနိုင်ငံမှာ ၁၆ ကြိမ် ကူးစက်တာလို့ WHO က ပြောပါတယ်။
စက်တင်ဘာ ၂၅ ရက် နောက်ပိုင်းမှာ ကူးစက်မှုအသစ်တွေ မရှိတော့ဘဲ နောက်ဆုံး အီဘိုလာ လူနာကတော့ အောက်တိုဘာ ၁၉ ရက်မှာ ဆေးရုံကနေ ဆင်းခွင့်ရခဲ့ပါတယ်။
Source: Reuters


