
အခုနှစ် တိုက်ပွဲတွေအတွင်း ကျယ်ကျယ်ပြန့်ပြန့် လုယက်မှုနဲ့ ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုတွေကြောင့် စစ်ပွဲဖြစ်ခဲ့တဲ့ ကွန်ဂိုအရှေ့ပိုင်းက ကျန်းမာရေးဌာန ၂၀၀ ကျော်မှာ ဆေးဝါးပြတ်တောက်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က အောက်တိုဘာ ၈ ရက်မှာ ပြောပါတယ်။
ဒီအချက်အလက်ဟာ မြောက်နဲ့ တောင်ကီဗူးပြည်နယ်တွေက ကျန်းမာရေးဌာနနဲ့ ဆေးခန်းပေါင်း ၂၄၀ ကို ပြီးခဲ့တဲ့လက ကောက်ယူခဲ့တဲ့ စစ်တမ်းရဲ့ တစိတ်တပိုင်းပါ။
ရဝမ်ဒါ ကျောထောက်နောက်ခံပြု M23 သူပုန်တွေနဲ့ တိုက်ပွဲတွေအတွင်း လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီးကတည်းက ICRC က အကြီးမားဆုံး အကဲဖြတ်မှုကို လုပ်ဆောင်ခဲ့ပါတယ်။
စစ်တမ်းကောက်ယူထားတဲ့ ဆေးခန်း ၁၀ ခုထဲက ၉ ခုနီးပါးမှာ ဆေးဝါးတွေ လုံး၀မပြည့်မီဘူးလို့ ဆိုပါတယ်။ စစ်တမ်းမှာပါတဲ့ အဆောက်အဦတွေရဲ့ ၄၀ ရာခိုင်နှုန်းမှာ ဝန်ထမ်းပြတ်လပ်နေပြီး ၁၃ ရာခိုင်နှုန်းကတော့ လုံးဝ အလုပ်မလုပ်တော့ဘူးလို့ ဆိုပါတယ်။
M23 သူပုန်တွေ ဒေသတွင်း အကြီးဆုံးမြို့ဖြစ်တဲ့ ဂိုမာမြို့ကို သိမ်းပိုက်လိုက်တဲ့ ဇန်န၀ါရီလ ကတည်းက တသမတ်တည်း ထောက်ပံ့မှု ပြတ်တောက်သွားတယ်လို့ မီဒီယာ အများအပြားက တင်ပြခဲ့ပါတယ်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အခြေစိုက် ICRC ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ ဖွန်ဆွား မော်ဟေယွန်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေတွေ ကျဆင်းလာတာနဲ့အမျှ လက်နက်ကိုင်ပဋိပက္ခ ပိုမိုပြင်းထန်လာပြီး ကျန်းမာရေးစောင့်ရှောက်မှု အကျပ်အတည်းက အရေးကြီးတဲ့အဆင့်ဆီ ရောက်သွားပြီလို့ ပြောပါတယ်။
ငှက်ဖျား၊ အိပ်ချ်အိုင်ဗွီ၊ တီဘီနဲ့ တခြားရောဂါတွေကို မကုသဘဲထားလို့ နေထိုင်သူတွေရဲ့ အသက်အန္တရာယ်က ချက်ချင်းအန္တရာယ်ရှိနေတယ်လို့ ICRC က သတိပေးထားပါတယ်။
ဝန်ထမ်းရှားပါးမှုကို သက်သာစေမယ့် စစ်ဘေးသင့်ဒေသတွေက ကျန်းမာရေးဝန်ထမ်းတွေ ဘေးကင်းကင်း ဖြတ်သန်းသွားလာနိုင်ရေး ICRC က ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုခဲ့ပါတယ်။
M23 သူပုန်တွေနဲ့ ကွန်ဂိုအစိုးရတို့က ICRC ရဲ့ တွေ့ရှိချက်အပေါ် မှတ်ချက်ပေးဖို့ တောင်းဆိုချက်တွေကို ချက်ချင်း မတုံ့ပြန်သေးပါဘူး။
Source: Reuters


