
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်ထဲက မင်းပလောင်ရွာ၊ ညောင်ပင်သာရွာနဲ့ ကျောက်တောရွာတို့ကို စစ်တပ်က စစ်ကြောင်းထိုးမီးရှို့တာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ ၁,၀၀၀ လောက်ဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီနေသူတွေဆီက သိရပါတယ်။
စစ်ရှောင်တွေကို ကူညီပေးနေသူတယောက်က “စစ်ရှောင်တွေရဲ့ အခက်ခဲတွေက ပြောမပြတတ်အောင်ပါဘဲ။ ဘာဆိုဘာမှမရှိဘဲ ရပ်တည်နေရတာ၊ မိုးကလည်းအဆက်မပြတ်ရွာ၊ အစားသောက်ကလည်းမရှိ၊ ဆေးဝါးကုသမှုလည်းမရှိဘူး” လို့ ပြောပါတယ်။
စစ်ဘေးရှောင်နေရသူတွေဟာ မိုးရေထဲမှာ မိုးကာနဲ့နေရသူတွေရှိသလို အင်ဖက်သစ်ရွက်တွေကို အမိုးမိုးပြီးနေရတာလည်းရှိလို့ မိုးမိဖျားနာသူတွေရှိနေတယ်လို့ သိရပါတယ်။
သြဂုတ်လမှာ စစ်ကောင်စီက ရွာငံမြို့နယ်ထဲကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ဝင်ရောက်လာပြီး မင်းပလောင်ကျေးရွာက စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်ရာနေရာကို လက်နက်ကြီးပစ်ခတ်တာ၊ စစ်ဘေးရှောင်တဲတွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်ခဲ့တယ်လို့ ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်ဦး (DSNDA) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးတော့ ကျောက်တောရွာက စစ်ဘေးရှောင်တွေနေထိုင်တဲ့ စစ်ရှောင်တဲတွေပေါ် စက်တင်ဘာ ၂၄ ရက်က တောင်ပြိုကျလို့ ၁ နှစ်ခွဲအရွယ် ကလေးအပါအဝင် ပြည်သူ ၁၀ ယောက် သေဆုံးခဲ့ရပါတယ်။




