ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဖလူးကြီးတိုက်နယ် မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ကမ်းဘေးမှာ စစ်ဘေးရှောင်နေကြတဲ့ မိသားစုတွေ ဆန်နဲ့ရိက္ခာအပြင် ဆေးဝါး အကူအညီတွေပါ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေထံက သိရပါတယ်။
မြဝတီခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် လေးကေ့ကော်မြို့သစ်၊ ထီးမဲ့ဝါးခီးရွာ၊ မင်းလက်ပံရွာ၊ ဖလူးကြီးရွာ၊ ဖလူးလေးရွာနဲ့ ရွာပေါင်း ၁၀ ရွာလောက်က မိသားစု ၂,၀၀၀၊ လူဦးရေ ၄,၀၀၀ လောက် စစ်ဘေးရှောင်နေကြတာမှာ မိသားစုတချို့ကတော့ သောင်ရင်းမြစ်ကမ်းဘေးမှာ ယာယီ တဲထိုးပြီး ခိုလှုံနေကြတာပါ။
လက်ရှိမှာ စစ်ရှောင်တွေအတွက် မိုးလုံလေလုံရေးအတွက် မိုးကာတွေ လိုအပ်နေသလို သောက်ရေသန့်၊ ဆန်၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ အသီးအရွက်နဲ့ ငါးတွေ လာပို့ပေးတဲ့ ရိက္ခာထောက်ပို့သူ ကိုဇော်ထွန်းက DVB ကို ပြောပါတယ်။
ယာယီစစ်ရှောင်သူတွေအနေနဲ့ကတော့ တိုက်ပွဲတွေထပ်ဖြစ်မှာ စိုးရိမ်တဲ့အကြောင်းနဲ့ မနက်ဖြန် ထွက်ပြေးရမလား၊ ဒီနေရာမှာ ဆက်ပြီး နေရမလားဆိုတာ မသိရသေးတဲ့အကြောင်း ကရင်စစ်ဘေးဒုက္ခသည်တယောက်က ပြောပါတယ်။
စစ်ဘေးရှောင်တချို့ကတော့ ဘုန်းတော်ကြီးကျောင်းတွေ၊ အသိမိတ်ဆွေတွေရဲ့ နေအိမ်တွေနဲ့ ထိုင်းနိုင်ငံဘက်က စုပေါင်းအိမ်အငှားနေကြတဲ့ နေရာတွေမှာ သွားရောက်နေထိုင်နေကြပါတယ်။
ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းကို စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်ပြီး ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက် တောင်ဘက်ကို စစ်ထိုးဖို့ ပြင်ဆင်နေချိန်မှာ ရွာသားအများစုကတော့ ကြိုတင်စစ်ဘေးရှောင်နေကြပါတယ်။
KNU တပ်မဟာ ၇ နယ်မြေအတွင်း စက်တင်ဘာ ၉ ရက်ည သန်းခေါင်ယံအချိန်က ထခီးရွာလယ်ကွင်းထဲမှာ စစ်ကောင်စီတပ်က ပေါင်း ၅၀၀ ဗုံးသီး ၂ လုံး ကြဲချခဲ့ပေမဲ့ လူတွေ ထိခိုက်သေဆုံးတာတော့ မရှိခဲ့ပါဘူး။