Home
မြန်မာသတင်း
ကရင်နီ စစ်ရှောင်များ အရေးပေါ် စားနပ်ရိက္ခာနှင့် မိုးကာ အကူအညီလိုအပ်
DVB
·
September 9, 2025

ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်က ဒီးမော့ဆို-ဖရူဆို ကားလမ်းမကြီးကို စစ်ကြောင်းထိုးလာတဲ့အတွက် စစ်ကြောင်းနဲ့ အနီးဆုံးနေရာက ရွာတွေဖြစ်တဲ့ ကွိုင်ငံရွာနဲ့ ပတိုငံရွာ တွေက ဒေသခံတွေကို ကယ်ဆယ်ရေးသမားတွေနဲ့ ရဲဘော်တွေ ကယ်ထုတ်ခဲ့ရပါတယ်။

အဲဒီနှစ်ရွာက ရွာခံအများစုဟာ နီးစပ်ရာ ဆွေမျိုးတွေနဲ့ တောအုပ်တွေထဲ သွားရောက် ရှောင်နေရတဲ့အတွက် စားနပ်ရိက္ခာနဲ့ အမိုးအကာ လိုအပ်ချက်တွေ မြင့်တက်နေတဲ့အပြင် အိမ်သာတွေပါ လိုအပ်နေတယ်လို့ ကယ်ထုတ်လာတဲ့ ကယ်ဆယ်ရေးသမားတွေက ဆိုပါတယ်။

ကယ်ဆယ်ရေးသမားတယောက်က “ဒီတလ နှစ်လအတွင်းကို စစ်ရှောင် ၂ သိန်းနီးပါး ရှိတယ်ဗျ။ ၂ သိန်းဝန်းကျင်ရှိတယ်၊ ကျော်ရင်လည်း ကျော်မယ်။ အရင်တုန်းက ရှိတဲ့ဟာနဲ့ဆိုရင် အားလုံးပေါင်းလိုက်ရင် ၃ သိန်းလောက်ရှိမယ်။ အမှန်တိုင်းပြောရင် ကျနော်တို့ အခုသတင်းကြားထားတဲ့ ပုံအရဆိုရင် သူတို့ ငံရိုးရွာဘက်အထိ ထိုး(စစ်ကြောင်း)မယ်လို့ ကြားတယ်။ အဲ့အတိုင်း ထိုးမယ်ဆိုရင်တော့ ထပ်ရွှေ့ရဦးမှာပဲ။ တိုက်ပွဲမပြီးမချင်းက ထပ်ရှောင်နေရဦးမှာပဲ။ အခုအတွက်လည်း လိုတယ်။ ထပ်ရွှေ့လို့ရှိရင် ထပ်ရှောင်တဲ့အတွက်လည်း ကျနော်တို့က လိုဦးမှာ။ အဓိက စားနပ်ရိက္ခာနဲ့ မိုးကာပေါ့နော်၊ အိမ်သာခွက်တွေပေါ့” လို့ ပြောပါတယ်။

မြေပြင်ထိုးစစ်အပြင် လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် စစ်ရှောင်တွေဟာ သူတို့စိုက်ထားတဲ့ လယ်တွေဆီ ပြန်ပြီး စပါးရိတ်သိမ်းဖို့ကလည်း အသက်နဲ့ရင်းပြီး စပါးတွေကို ပြန်ရိတ်ရမယ့် အခြေအနေမှာ ရှိနေတယ်လို့ စစ်ရှောင်တယောက်က ဆက်ရှင်းပြပါတယ်။

“ဒီပုံစံနဲ့တော့ မလွယ်ဘူးထင်တယ်။ ပြီးခဲ့တဲ့ရက်ကလည်း လယ်ထဲသွားတဲ့ ပတိုငံနဲ့နီးတဲ့ လယ်ထဲသွားတာ သူတို့(စစ်တပ်)က ဒရုန်းနဲ့ချတာ လယ်လုပ်နေတဲ့ တောင်သူ ၂ ယောက် ထိတယ်။ လက်နက်ကြီးကော ဒရုန်းကော အမျိုးမျိုးဖြစ်နေတော့ လုံခြုံမှုမရှိဘူးပေါ့၊ ပြန်လို့လည်းမရဘူး။ ရိတ်သိမ်းချိန်ရောက်နေတာတောင် ရမလား မရဘူးလား၊ အဲဒါလည်း စိုးရိမ်ရသေးတယ်။ ရင်းနှီးမြှုပ်နှံထားသမျှကလည်း အကုန်လုံး လယ်ထဲ တောင်ယာထဲ ရောက်သွားတော့ ဘယ်လိုလာဦးမလဲ မသိပါဘူး။”

ကရင်နီလူ့အခွင့်အရေးအဖွဲ့ KNHRG ရဲ့ ထုတ်ပြန်ချက်အရ ကရင်နီပြည်နယ်မှာ ရွေးကောက်ပွဲလုပ်နိုင်ဖို့အတွက် စစ်ကြောင်းထိုးလာပြီးတဲ့နောက် အရပ်သားတွေဟာ နေရပ်ရွှေ့ပြောင်းနေရပြီး ပြီးခဲ့တဲ့ ဇူလိုင်နဲ့ သြဂုတ် ၂ လအတွင်းမှာတင် စစ်ဘေးတိမ်းရှောင်နေရသူ ၂ သိန်းခန့် ရှိလာလို့ အရေးပေါ် စားနပ်ရိက္ခာနဲ့ အမိုးအကာ လိုအပ်နေတယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။

မောရစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013