
လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်နဲ့ ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းကို စစ်ဘေးရှောင်မိသားစုဝင်ထောင်ချီ လူဦးရေအားဖြင့် သောင်းနဲ့ချီပြီး ထပ်တိုးရောက်ရှိလာပြီး နေထိုင်ဖို့နဲ့ အရေးပေါ်စားနပ်ရိက္ခာတွေ လိုအပ်နေပါတယ်။
စစ်ဘေးရှောင်တချို့ဟာ အဝတ်တထည် ကိုယ်တခုနဲ့ အသက်ဘေးကနေ လွတ်မြောက်လာအောင် အိုးအိမ်စွန့်ခွာလာကြတာဖြစ်လို့ နေထိုင်ဖို့နဲ့ စားသောက်ဖို့အတွက် အရေးပေါ်အကူအညီ လိုအပ်နေတာလို့ ဖယ်ခုံဒေသခံတယောက်က ပြောပါတယ်။
ဖယ်ခုံမြို့နယ်နဲ့ ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းက ကျေးရွာတိုင်းနီးပါးမှာ စစ်ဘေးရှောင်စခန်းတွေ ရှိနေတာပါ။ လက်ရှိ ထပ်တိုးရောက်ရှိလာတဲ့ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ စစ်ရှောင်စခန်း အများစုမှာ သောက်သုံးရေ အခက်အခဲတွေ ရှိနေတယ်လို့ ဖယ်ခုံဒေသခံက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်းသုံးပြီး မြေပြင်၊ ဝေဟင်နဲ့ ဒရုန်းပစ်ကူယူကာ ဖယ်ခုံမြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်အတွင်းက ဆုံးရှုံးထားတဲ့ နေရာတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကစလို့ အခုချိန်ထိ ကရင်နီဒေသမှာ စစ်ဘေးရှောင်ဦးရေဟာ ၃ သိန်းဝန်ကျင်ထိ ရှိလာနေပြီဖြစ်ပါတယ်။




