မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တဲ့အပြင် လက်နက်ကြီးတွေ ပစ်ခတ်နေတာကြောင့် ကျေးရွာ ၁၁ ရွာက စစ်ရှောင် ၅,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ အခြေခံဆေးဝါးအကူအညီ လိုအပ်နေပါတယ်။
သပိတ်ကျင်းမြို့နယ်က ပေသောင်ရွာ၊ ရွှေပင်မော်၊ ကဘဲ့ကြီး၊ ရွာမ၊ ၄ မိုင်၊ ၅ မိုင်၊ ၆ မိုင်၊ ၇ မိုင်နဲ့ သပိတ်ကျင်းမြို့ပေါ်က ဒေသခံတွေ တိမ်းရှောင်နေရတာ ၃ လဝန်းကျင်ရှိပြီး ဇရပ်ကွင်း၊ လမ်းလယ်ကျစ်နဲ့ ရွှေမွှေးချောင်းရွာတွေက စက်တာဘာ ၄ ရက်က စပြီး စစ်ရှောင်ခဲ့ရတာလို့ သိရပါတယ်။
စစ်ရှောင်တွေကို ကူညီပေးနေသူ ရဲဘော်တယောက်က “စစ်ရှောင်တွေကလည်း အခုက အများကြီးပဲ။ ဒီဇရပ်ကွင်းဘက်ကိုလည်း သူတို့က လက်နက်ကြီးနဲ့ လှမ်းပစ်နေတာဆိုတော့ ဇရပ်ကွင်းရွာထဲ တချို့တလေကမနေ၊ တော်တော်များများပါပဲ တချို့တလေ ဆိုပေမဲ့၊ သူတို့တွေလည်း အနီးနားရွာသွားပြီး တိမ်းနေရတယ်။ တချို့က ဒီဘက်က ရွှေတောလုပ်ကြတာဆိုတော့ အထင်ကြီးပြီး တချို့အလှူရှင်တွေက အလှူသွားခံရင်တောင် စိတ်မပါလက်မပါ စကားပြန်ပြောတာရှိတယ်” လို့ ပြောပါတယ်။
သပိတ်ကျင်းမြို့နယ်မှာ မြေပြင်တိုက်ပွဲဖြစ်နေတဲ့အပြင် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာပါ။
သပိတ်ကျင်းမြို့ကနေ စစ်ရှောင်လာသူတယောက်က “ပြီးခဲ့တဲ့လ ၁၈ ရက်ကစပြီး စစ်ရှောင်လာတာ၊ ဒီကိုရောက်တာ ၃ လပြည့်တော့မယ်။ ဒီမှာက ရွှေကျင်စားတာ။ ကိုယ့်နယ်လိုမဟုတ်တော့ သိပ်လုပ်မစားတတ်ဘူး။ ရွှေကလည်း လူတွေက ဟိုလူတွေကလည်း အများကြီးပဲဆိုတော့ တခြားနေရာသွားမရတော့ ရွှေကလည်း သိပ်မပါဘူး ဖြစ်နေတာ” လို့ ပြောပါတယ်။
အခုလက်ရှိမှာ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ အခြေခံဆေးဝါးအကူအညီတွေ လိုအပ်နေပါတယ်။
သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးက စစ်ရှောင်တဲတွေကို စစ်ကောင်စီတပ်ဘက်က စက်တင်ဘာ ၄ ရက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ရှောင် ၂ ယောက် ထိမှန်သေဆုံးခဲ့ပါတယ်။
သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာကို စစ်ကောင်စီတပ်က စက်တင်ဘာ ၇ ရက် မွန်းလွဲပိုင်းမှာ တိုက်လေယာဥ်နဲ့ ဗုံးကြဲတာကြောင့် ကလေးငယ်တွေ စာသင်နေတဲ့ နေအိမ်မှာ ဗုံးကျပေါက်ကွဲခဲ့ပြီး ကလေးငယ်တယောက် သေဆုံးကာ ၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။






