Home
နိုင်ငံတကာ
မိုဇမ်ဘစ်တွင် ရေကြီးရေလျှံမှုကြောင့် လူ ၄ သိန်းနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်
DVB
·
January 31, 2026
Photo :Reuters

မိုဇမ်ဘစ်နိုင်ငံတောင်ပိုင်းမှာ ရေကြီးရေလျှံမှုဒဏ်ကို ကျယ်ကျယ်ပြန့်ပြန့် ကြုံတွေ့နေရပြီး လမ်းမတွေနဲ့ အဆောက်အအုံတွေဟာ ရေအောက်ကို တဝက်ကျော် နစ်မြုပ်နေကာ လက်ရှိမှာတော့ ဘေးလွတ်ရာ ထွက်ပြေးလာကြတဲ့ ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ လူဦးရေထူထပ်လွန်းတဲ့ ကျောင်းဝင်းတွေထဲမှာ ခိုလှုံဖို့နေရာရှာနေရပါတယ်။

ဒီကပ်ဘေးကြောင့် လူပေါင်း ၈ သိန်းကျော်ထိခိုက်ခဲ့ပြီး လူပေါင်း ၄ သိန်းနီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ကိုယ်စားလှယ် ဇာဗီယေး ခရက်ရှ်က ပြောပါတယ်။

အခုအခြေအနေကို UNHCR ကိုယ်စားလှယ် ဇာဗီယေးခရက်ရှ်က “မိုဇမ်ဘစ်အတွက် နောက်ထပ်နေရပ်စွန့်ခွာရေး အရေးပေါ်အခြေအနေတရပ်”လို့ ဖော်ပြခဲ့ပြီး မိသားစုအများအပြားဟာ မကြာသေးတဲ့ နှစ်ပိုင်းတွေအတွင်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အစွန်းရောက် ရာသီဥတုပြောင်းလဲမှုတွေကြောင့် နေရပ်စွန့်ခွာရခြင်းနဲ့ ကြုံတွေ့နေရတာ ၃ ကြိမ်တောင်ရှိသွားပြီ လို့လည်း ပြောပါတယ်။

ကမ္ဘာ့ရာသီဥတုဆိုင်ရာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ရာသီဥတုပြောင်းလဲမှုနဲ့ လာနီညာဖြစ်စဉ်တို့ကြောင့် မိုးရွာသွန်းမှု အလွန်ပြင်းထန်လာပြီး တချို့ဒေသတွေမှာ ရက်ပိုင်း အနည်းငယ်အတွင်း ရွာသွန်းတဲ့မိုးရေချိန်ဟာ ပုံမှန် တနှစ်စာရွာရမဲ့ ပမာဏထက် ပိုမိုကျော်လွန် ရွာသွန်းခဲ့ပါတယ်။

လက်ရှိမှာ အခြေခံဝန်ဆောင်မှုတွေ အလွန်ချို့တဲ့နေပြီး အကူအညီတွေ လုံလုံလောက်လောက် မရရှိသေးတာကြောင့် နေရပ်စွန့်ခွာရသူတွေအတွက် နေထိုင်ရတဲ့ အခြေအနေတွေဟာ အလွန်ခက်ခဲကြမ်းတမ်းနေကြောင်းလည်း UNHCR က သတိပေး ပြောပါတယ်။

တတိယအကြိမ်မြောက် နေရပ်စွန့်ခွာရသူအများအပြားမှာ နေအိမ်တွေလည်း ပျက်စီးသွားကာ လယ်ယာသီးနှံ စိုက်ခင်းတွေလည်း ဆုံးရှုံးသွားရတာကြောင့် နောက်လာမဲ့ စိုက်ပျိုးရေးရာသီအမီ နေရပ်ပြန်ရောက်ဖို့တောင် မသေချာတော့လို့ စိုးရိမ်နေကြကြောင်းလည်း သိရပါတယ်။

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013