
အယ်လ်ဘေးနီးယားနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အဓိကမြစ်ကြီးတွေ ရေလျှံတက်လာတာကနေ ရေလွှမ်းမိုးမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့ပြီး လူတယောက် သေဆုံးမှုနဲ့အတူ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ကြုံခဲ့ရပါတယ်။
ဇန်နဝါရီ ၈ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဗွိုက်ဇာ မြစ်ကမ်းပါးတွေ ပြိုကျခဲ့ပြီးနောက် အယ်လ်ဘေးနီးယားရှိ အရေးပေါ်အဖွဲ့တွေဟာ ရေကြီးရေလျှံမှုဒဏ် ခံရသူတွေကို ကယ်တင်ဖို့ လှေတွေကို ဖြန့်ကြက် ချထားခဲ့ပါတယ်။
ဗွိုက်ဇာမြစ်ရေဟာ ၉ မီတာကျော်အထိ မြင့်တက်လာပြီးနောက် အယ်လ်ဘေးနီးယား အနောက်တောင်ပိုင်းရှိ တခြားမြို့တွေဖြစ်တဲ့ ဖီးယားနဲ့ ဗလော့ရာ အနီးတဝိုက်ရှိ ရေကြီးရေလျှံနေတဲ့ အိမ်တွေမှာ ပိတ်မိနေတဲ့ ကျေးရွာသားတွေကို အရေးပေါ်အဖွဲ့တွေက လှေတွေကိုအသုံးပြုကာ ရွှေ့ပြောင်းပေးနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
မြစ်ရေဟာ မြေနိမ့်ပိုင်းရှိ လယ်ယာတွေနဲ့ ကျေးရွာတွေထဲကို စီးဝင်သွားတယ်လို့ ကာကွယ်ရေးအရာရှိတွေက ပြောပါတယ်။
မြောက်ဘက်မှာ ဇန်နဝါရီ ၆ ရက်က ပျောက်ဆုံးသွားတဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသားတယောက်ကို ဒူးရက်စ်မြို့ရှိ ရေနုတ်မြောင်းတခုမှာ သေဆုံးနေတာကို တွေ့ရှိခဲ့ရပြီး ပြည်ထဲရေးဝန်ကြီးဌာနကတော့ ရေစီးကြောင်းကြောင့် မျောပါသွားဖွယ်ရှိကြောင်း ပြောပါတယ်။
အရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေက နေအိမ်နဲ့ အဆောက်အအုံ ၈၀၀ လောက်က ရေတွေကို ဖယ်ရှားဖို့ လုပ်ဆောင်နေပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ အဆောက်အအုံတွေမှာ လူ ၃၀၀ လောက်ကို နေရာထိုင်ခင်း ပေးထားကြောင်းလည်း ဆိုပါတယ်။
အနောက်ဘော်လကန်နိုင်ငံတွေဟာ ဇန်နဝါရီ ၄ ရက်ကစပြီး ဆီးနှင်းနဲ့ တခြားဆောင်းရာသီ ရာသီဥတုကြောင့် အနှောင့်အယှက်တွေ ကြုံတွေ့ခဲ့ရပြီး ကားလမ်းတွေနဲ့ ရထားလမ်းတွေ ပိတ်သိမ်းတာ၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်တာနဲ့ သောက်သုံးရေ ရရှိဖို့တွေ ထိခိုက်ခဲ့ရပါတယ်။
Source: Reuters


