
အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်းမှာ ရေကြီးရေလျှံအပြီး ဝေးလံခေါင်သီတဲ့ အာချေးပြည်နယ် တမီယန်ဒေသက ဒေသခံတွေဟာ ဒီဇင်ဘာ ၆ ရက်က အကူအညီပေးရေးဌာနတွေဆီရောက်ဖို့ နာရီပေါင်းများစွာ လမ်းလျှောက်ပြီး အကူအညီတွေရဖို့ ရုန်းကန်နေကြရပါတယ်။
ရေဘေးကြောင့် အင်ဒိုနီးရှားမှာ လူပေါင်း ၉၀၈ ယောက် ထက်မနည်း သေဆုံးပြီး အယောက် ၄၁၀ ပျောက်ဆုံးနေကာ လူပေါင်း ၈ သိန်း ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတာပါ။
လမ်းပန်းဆက်သွယ်ရေးတွေလည်း ပြတ်တောက်ပြီးတဲ့နောက် ဘော်ဒါကျောင်းတကျောင်းမှာတော့ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေ သီတင်းပတ်တပတ်ကြာ ပိတ်မိနေခဲ့တာပါ။
တချို့က အစားအစာရှာနေကြပြီး တချို့ကတော့ တက်လာတဲ့ရေတွေနဲ့ပဲ ချက်ပြုတ်နေကြရပြီး ဒီမှာ ၇ ရက်လောက် ဘာမှ မသုံးနိုင်ခဲ့ဘူးလို့ ဘော်ဒါကျောင်းရဲ့ အကြီးအကဲ မူစတာဖာအဘူဆာလမ် ဆိုင်ယာက ပြောပါတယ်။
အစိုးရအနေနဲ့ ရေဘေးအန္တရာယ်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့နိုင်ဖို့ ဒီဒေသကို သွားဖို့ ဒေသခံတွေက တိုက်တွန်းပါတယ်။
ဆူမာတြား ဒေသန္တရအစိုးရအရာရှိတွေကတော့ အစိုးရကို အမျိုးသား အရေးပေါ်အခြေအနေကြေညာဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီကြေညာချက်ဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ရန်ပုံငွေတွေ ထပ်ရစေမှာပါ။
သမ္မတ ပရာဘိုဝို ဆူဘီယန်တိုကတော့ အခုအပတ် အစောပိုင်းမှာ အခြေအနေတွေ တိုးတက်ကောင်းမွန်လာပြီး လက်ရှိအစီအစဉ်တွေက လုံလောက်တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ဒုတိယသမ္မတက ကြာသပတေးနေ့မှာ ရေဘေးသင့်ထိခိုက်ခံဒေသတွေဆီ သွားခဲ့အပြီးမှာ ကွဲပြားတဲ့အမြင်ကို ပေးခဲ့ပါတယ်။
ရေဘေးဟာ မကြာသေးမီနှစ်တွေအတွင်း အင်ဒိုနီးရှားရဲ့ အသေအပျောက်အများဆုံး သဘာဝ ဘေးအန္တရာယ်တွေထဲက တခုဖြစ်ပြီး၊ ကျွန်းစုနိုင်ငံဟာ အစွန်းရောက် ရာသီဥတုဖြစ်ရပ်တွေကြောင့် ထိခိုက်လွယ်တာကို မီးမောင်းထိုးပြနေပါတယ်။
အာရှဒေသတချို့မှာ ရေကြီး မြေပြိုမှုတွေကြောင့် ထိခိုက်ခဲ့ရတဲ့ လူသန်းပေါင်းများစွာကို ကူညီဖို့ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ စေတနာ့ဝန်ထမ်းတွေ ရုန်းကန်နေရပါတယ်။
တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းအရ ရာသီဥတုကြောင့် ဖြစ်လာတဲ့ လတ်တလော ဘေးအန္တရာယ်ကြောင့် သေဆုံးသူဦးရေဟာ အင်ဒိုနီးရှား၊ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံတို့မှာ အယောက် ၁,၇၅၀ ကျော်အထိ မြင့်တက်လာခဲ့ပါတယ်။


