
အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဆူမားတြားပြည်နယ်၊ မာလာလက်ခရိုင်က ရေကြီးရေလျှံမှုဒဏ်ခံရတဲ့ ဒေသခံတွေဟာ ဒီဇင်ဘာ ၃ ရက်မှာ လက်ကျန်စပါးရိတ်သိမ်းဖို့ ရုန်းကန်နေရပြီး အစားအစာနဲ့ အကူအညီတွေကို စိုးရိမ်တကြီး စောင့်ဆိုင်းနေကြပါတယ်။
ရေကြီးရေလျှံလို့ ပျက်စီးသွားတဲ့ အိတ်တွေကနေ ဆယ်ယူထားတဲ့ ဆန်စပါးတွေကို အခြောက်ခံပြီး အခြေခံအဆောက်အအုံတွေကို ပြန်တည်ဆောက်ဖို့ ကြိုးစားနေတဲ့ ဒေသခံတွေ ကို မြင်တွေ့ခဲ့ရပါတယ်။
ရေစိုတဲ့စပါးတွေက အပင်ပေါက်ပြီး အမြစ်တွေ ဖွံ့ဖြိုးလာလို့ စားဖို့မသင့်တော်တော့ဘူးလို့ အသက် ၃၄ နှစ်အရွယ် လယ်သမားတယောက်က ပြောပါတယ်။
အစိုးရက ပြင်ဆင်ထားတဲ့ ကိန်းဂဏန်းတွေအရ အနောက်ဆူမားတြား၊ မြောက်ဆူမားတြားနဲ့ အာချေးပြည်နယ် ၃ ခုမှာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရေကြီး ရေလျှံပြီး မြေပြိုခဲ့လို့ လူ အယောက် ၈၀၀ ထက်မနည်း သေဆုံးပြီး ၄၆၃ ယောက် ပျောက်ဆုံးနေတယ်လို့ ဒေသခံအရာရှိတွေက ပြောပါတယ်။
လျှပ်စစ်ဓာတ်အားနဲ့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုတွေကြောင့် အကူအညီတွေရဖို့ ခက်နေတယ်လို့လည်း ပြောပါတယ်။
ဆူမားတြားကျွန်းပေါ်က သစ်တောပြုန်းတီးမှုကြောင့် အသက်ဆုံးရှုံးမှုတွေ များလာတယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေနဲ့ ဒေသခံအရာရှိတွေက ပြောပါတယ်။
ကုန်းလမ်း၊ ရေလမ်းနဲ့ လေကြောင်းတို့ကတဆင့် အကူအညီတွေ ဖြန့်ဝေတာ၊ ပိတ်ဆို့နေတဲ့ လမ်းတွေကို ရှင်းလင်းတာနဲ့ ပျက်စီးနေတဲ့ အခြေခံအဆောက်အအုံတွေကို ပြုပြင်တာတွေကို ဦးစားပေးလုပ်နေတယ်လို့ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်အေဂျင်စီက အဖွဲ့တွေက ပြောပါတယ်။
Source: Reuters


