
အာရေဗျကျွန်းဆွယ်မှာရှိတဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မှာ ဒီဇင်ဘာ ၁၈ ရက်ကနေ ၁၉ ရက်အထိ ရှားရှားပါးပါး မိုးသည်းခဲ့ပြီး နေရာအများအပြားမှာ ရေကြီးရေလျှံခဲ့ပါတယ်။
မိုးသည်းတာတွေ အခုရပ်သွားပြီဖြစ်ပေမဲ့ ဒူဘိုင်းမြို့ရဲ့ လမ်းကွန်ရက်တွေ၊ လူနေရပ်ကွက်တွေ၊ စီးပွားရေး စင်တာတွေနဲ့ ဟိုတယ်တွေရှိရာ မြို့အစိတ်အပိုင်းတွေကို ရေလွှမ်းမိုးခဲ့ပါတယ်။
အခြေအနေကို တုံ့ပြန်တဲ့ အနေနဲ့ ဒူဘိုင်းလမ်းများနဲ့ သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (RTA) က ရေဝပ်နေတဲ့ နေရာတွေကို ရေစုပ်စက် ၃၀၀ ကျော်ကိုသုံးပြီး ရေစုပ်ထုတ်ခဲ့ပါတယ်။
ကားရပ်နားရာနေရာမှာ ရေစုပ်စက်တွေ သုံးနာရီကြာအောင် မောင်းနှင် လည်ပတ်ပြီးတဲ့နောက်မှာတောင် ရေမျက်နှာပြင်က ၃၅ စင်တီမီတာအထိ ရောက်နေဆဲပါ။
ဒူဘိုင်းအစိုးရက အစိုးရဌာနဝန်ထမ်းတွေကို အဝေးကနေ အလုပ်လုပ်ဖို့ ညွှန်ကြားခဲ့ပြီး အများပြည်သူသုံး ကမ်းခြေတွေ၊ ပန်းခြံတွေနဲ့ ခရီးသွားဆွဲဆောင်တဲ့ နေရာတချို့ကို ပိတ်ဖို့ အမိန့်ပေးခဲ့ပါတယ်။
တက္ကစီမရှိလို့ မြေအောက်ရထားစီးဖို့ ကြိုးစားခဲ့ရတယ်လို့ မြို့ခံ ဂျက်စီကာက ပြောပါတယ်။ ပြင်းထန်တဲ့ ရာသီဥတုကြောင့် အီးမရိတ်စ်လေကြောင်းလိုင်းဟာ သောကြာနေ့မှာ ဒူဘိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေထွက်ခွာဖို့ မူလက စီစဉ်ထားတဲ့ လေယာဉ်ခရီးစဉ် ၁၃ ခုကို ဖျက်သိမ်းခဲ့ပါတယ်။


