
တောင်အာဖရိကနိုင်ငံ၊ လင်ပိုပိုပြည်နယ်မှာ ရေကြီးရေလျှံမှုကြောင့် ဇန်နဝါရီ ၁၆ ရက်မှာ တံတား တွေပြိုကျပြီး မြစ်တွေရေလျှံခဲ့ပါတယ်။
ဒရုန်းရိုက်ချက် ဗီဒီယိုထဲမှာ ရေလျှံနေတဲ့မြစ်တွေနဲ့ ပျက်စီးနေတဲ့လမ်းတွေကို မြင်တွေ့ရပြီး ကယ်ဆယ်ရေးယာဉ်တစီးဟာ ရေကြီးနေတဲ့တံတားဆီကို ဦးတည်နေတာကိုလည်း တွေ့ရှိရပါတယ်။
အဲဒီဒေသရဲ့ စီးပွားရေးလမ်းကြောင်းလိုဖြစ်နေတဲ့ R40 လမ်းမကြီးနဲ့ R71 လမ်းမကြီးတွေ အားလုံးပိတ်သွားရင် ဘာမှလုပ်လို့မရတော့ဘူးလို့ ပါလာဘွေးဝေါ် မြို့မှ အသက် ၆၆ နှစ်အရွယ် ဒေသခံ ပီတာမာလင်ဝေါညာ့က ပြောပါတယ်။
ရေလွှမ်းမိုးမှုကြောင့် သွားရေးလာရေး အခက်အခဲတွေ ဖြစ်ခဲ့ရပြီး ရပ်ရွာတွေနဲ့ အဆက်အသွယ်ပြတ်တောက်ကုန်ကြောင်း မာလင်ဝေါညာ့က ပြောပါတယ်။
“ရေမရှိ၊ လျှပ်စစ်မီးမရှိ၊ ဆက်သွယ်ရေးကွန်ရက်တောင်ပျက်နေလို့ ဖုန်းတွေကို ပိတ်လိုက်ရတယ်။ ဓာတ်ဆီဆိုင်မှာဖွင့်တဲ့ စတိုးဆိုင်မှာ ဝယ်စရာပေါင်မုန့်တောင် မရှိဘူး။ ဘာစားရမှာလဲ။”
တောင်အာဖရိက မိုးလေဝသဌာနက လင်ပိုပိုပြည်နယ်မှာ မိုးပိုရွာမယ်လို့ ခန့်မှန်းထားတာကြောင့် အကျပ်အတည်း ပိုဆိုးလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။
ရပ်ရွာအတော်များများဟာ ဈေးတွေနဲ့ မရှိမဖြစ်လိုအပ်တဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို ဝင်ရောက်နိုင်ဖို့ R40 နဲ့ R71 လိုမျိုး အဓိကလမ်းကြောင်းတွေကို အားကိုးနေရတာ ဖြစ်ပါတယ်။
Source:Reuters


