
တောင်အာဖရိကနိုင်ငံ၊ စီးပွားရေးမြို့တော် ဂျိုဟန်နာ့စ်ဘတ်အနီး၊ ဘက်ကာစ်ဒယ်လ်မြို့က ဘုံဆိုင်တဆိုင်မှာ ပစ်ခတ်ခံရတာကြောင့် ဆိုင်ထိုင်သူ ၉ ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီဇင်ဘာ ၂၁ ရက် မနက် ၁ နာရီလောက်မှာ သေနတ်သမား ၁၂ ယောက်လောက်က ကား ၂ စီးနဲ့ ရောက်လာပြီး ဆိုင်ထိုင်နေသူတွေကို ပစ်ခတ်ခဲ့တာပါ။
သေဆုံးသူတွေထဲမှာ အမျိုးသား ၇ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ပါဝင်ပြီး အဲဒီအထဲက တယောက်ကတော့ အနီးနားကို ခရီးသည်လာပို့တဲ့ တက္ကစီယာဉ်မောင်း ဖြစ်ပါတယ်။
သေနတ်သမားတွေဟာ အေကေ ၄၇ မောင်းပြန်ရိုင်ဖယ်တွေ ကိုင်ဆောင်ထားပြီး ဘာရန်ငြိုးမှမရှိဘဲ သက်သက်မဲ့ လာရောက်ပစ်ခတ်သွားတာလို့ ဒုတိယရဲမင်းကြီး ဖရက်ဒ်ခီခါနာက ပြောပါတယ်။
အခင်းဖြစ်ပွားချိန်မှာ လူနာတင်ယာဉ်မရောက်ခင် ဒဏ်ရာရသူတချို့ကို လက်တွန်းလှည်းတွေနဲ့ သယ်ပြီး ဆေးခန်းပို့ခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ရဲတပ်ဖွဲ့အင်အား မလုံလောက်တဲ့အတွက် စစ်တပ်က ဝင်ရောက်ထိန်းသိမ်းပေးဖို့ ဒေသခံ အာဏာပိုင်တွေက တောင်းဆိုထားပါတယ်။
တောင်အာဖရိကနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူသတ်မှုအများဆုံးနိုင်ငံ စာရင်းဝင်ဖြစ်ပြီး ၂၀၂၀ နောက်ပိုင်း လူအများအပြား ပစ်ခတ်သတ်ဖြတ်ခံရမှုတွေ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။
ဒီဇင်ဘာ ၂၂ ရက်အထိ သေနတ်သမားတွေ လွတ်မြောက်နေဆဲဖြစ်ပြီး အာဏာပိုင်တွေက လိုက်လံရှာဖွေနေဆဲ ဖြစ်ပါတယ်။
Source: Reuters


