
ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရဲ့ နာမည်ကျော် ဘွန်ဒိုင်းကမ်းခြေမှာ ဂျူးလူမျိုးတွေရဲ့ ဟနုက္ခာ ပွဲတော်မှာ ပစ်ခတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အမျိုးသားတယောက်ကို လူသတ်မှုနဲ့ အကြမ်းဖက်မှု အပါအဝင် ပြစ်မှု ၅၉ မှုနဲ့ တရားစွဲဆိုထားကြောင်း နယူးဆောက်သ်ဝေးလ်စ် ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၇ ရက်မှာ ကြေညာချက်ထုတ်ပြန် ပြောပါတယ်။
ပြစ်မှုကျူးလွန်သူတွေလို့ ဆိုတဲ့ သားအဖ ၂ ယောက်ဟာ ဒီဇင်ဘာ ၁၄ ရက်က ဆစ်ဒနီမြို့ရဲ့ နာမည်ကျော် ဘွန်ဒိုင်းကမ်းခြေမှာ ကျင်းပတဲ့ ပွဲတော်မှာ ပစ်ခတ်မှုကြောင့် လူပေါင်း ၁၅ ယောက် သေဆုံးခဲ့ရလို့ တနိုင်ငံလုံး တုန်လှုပ်စေခဲ့ပြီး ဂျူးဆန့်ကျင်ရေးနဲ့ အကြမ်းဖက် အစွန်းရောက်ဝါဒ မြင့်တက်လာမှုအပေါ် စိုးရိမ်ကြောက်လန့်မှုတွေ ပိုမိုပြင်းထန်ခဲ့ရပါတယ်။
နယူးဆောက်ဝေးလ်စ် ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ အမျိုးသားတယောက်ကို လူသတ်မှု ၁၅ မှု၊ လူသတ်ဖို့ ကြိုးပမ်းမှုကြောင့် ဒဏ်ရာရရှိစေမှု ၄၀ နဲ့ အကြမ်းဖက်မှုပြစ်မှုနဲ့ တခြားစွဲချက် အများအပြား အပါအဝင် ပြစ်မှု ၅၉ ခုနဲ့ တရားစွဲဆိုထားကြောင်း ဖော်ပြထားပါတယ်။
“ဘာသာရေးဆိုင်ရာ ရည်ရွယ်ချက်တခုကို မြှင့်တင်ဖို့နဲ့ လူ့အသိုင်းအဝိုင်းမှာ ကြောက်ရွံ့မှုတွေ ဖြစ်ပေါ်စေဖို့အတွက် သေဆုံးမှု၊ အပြင်းအထန် ဒဏ်ရာရရှိစေမှုနဲ့ အသက်အန္တရာယ်ဖြစ်စေတဲ့ အပြုအမူမှာ ပါဝင်ပတ်သက်သူကို ရဲတပ်ဖွဲ့က တရားရုံးမှာ စွဲဆိုသွားမှာ ဖြစ်ပါတယ်” လို့ ရဲတပ်ဖွဲ့က ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အစောပိုင်းလက္ခဏာရပ်တွေက ဩစတြေးလျမှာ အကြမ်းဖက်အဖွဲ့အစည်းတခုအဖြစ် စာရင်းသွင်းထားတဲ့ ISIS အဖွဲ့က လှုံ့ဆော်မှုကြောင့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်းကို ညွှန်ပြနေတယ်လို့လည်း ပါရှိပါတယ်။
ဗုဒ္ဓဟူးနေ့က တရားရုံးကို တင်သွင်းခဲ့တဲ့ တင်သွင်းချက်ထဲမှာ ဆစ်ဒနီဆေးရုံမှာ ရဲအစောင့်အကြပ်များစွာနဲ့ ဆက်ရှိနေတဲ့ အသက် ၂၄ နှစ်အရွယ် နာဗီးဒ် အက်ခရမ်ကို ဖော်ပြထားပြီး သူ့ကို တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
သူဟာ တနင်္လာနေ့ မနက်ပိုင်းမှာ ဒေသခံတရားရုံးရှေ့မှောက်ကို ဗီဒီယိုလင့်ခ်မှတဆင့် ရုံးထုတ်ခံရမှာ ဖြစ်ပါတယ်။
Source: Reuters


