
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပန်ရွာ ပျူစောထီးခေါင်းဆောင်ကို ဒီဇင်ဘာ ၁၃ ရက် မနက် ၉ နာရီမှာ တော်လှန်ရေးတပ်တွေက စနိုက်ပါသေနတ်နဲ့ပစ်ခတ်တာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်တောင်းမြစ်ကမ်းဘေးမှာရှိတဲ့ လက်ပန်ရွာအထွက်က ဒေသခံတွေကို ဖြတ်သန်းခွင့် လက်မှတ်အတွက် တစောင်ကို ကျပ် ၂,၀၀၀ တောင်းပြီးထုတ်ပေးနေတဲ့ဂိတ်မှာ ပျူစောထီး ခေါင်းဆောင် ဘကျွန်း ရှိနေတုန်း စနိုက်ပါနဲ့ ပစ်ခတ်လိုက်တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ကုလားဘကျွန်းက ရွာမှာ စစ်မှုထမ်းကြေးတွေ မတရားကောက်ခံတာတို့၊ ရွာသားတွေကို ဖမ်းဖို့ စုံစမ်းပေးတာ။ စစ်တပ်ကိုလမ်းပြတာတွေ၊ သူဦးဆောင်ပြီး ပျူစောထီးတွေ စုဆောင်းတာတွေလုပ်တယ်။ သူပစ်ခံရလို့ ရွာထဲရော ရွာပြင်မှာပါစစ်ဆေးတာတွေလုပ်နေတယ်” DVB ကို ပြောပါတယ်။
လက်ပန်ရွာဂိတ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအင်အား ၁၀ ယောက်ဝန်းကျင် အထိုင်ချထားတာဖြစ်ပြီး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က ပိတ်ဆို့ရှာဖွေ စစ်ဆေးသလို စစ်တောင်းမြစ်တဘက်ကမ်းကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ လက်ပန်ရွာကနေ စစ်တောင်းမြစ်တဖက်ကမ်း ခရွဲရွာဘက်ကို ညနေပိုင်းမှာ လက်နက်ကြီး ၂ လုံးပစ်ခတ်တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်ဘက်ကတော့ ဘကျွန်းဟာ ပစ်ခတ်မခံရခင်သေနတ်လွယ်ထားပြီး တပ်သား စုဆောင်းတာ၊ စစ်မှုထမ်းကြေးကောက်ခံတာတွေနဲ့ စစ်ကောင်စီနဲ့ပူးပေါင်း လုပ်ဆောင်နေတာတွေကြောင့် ပစ်ခတ်လိုက်တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်တွေကလည်း အဲဒီလက်ပန်ကျေးရွာ ကုန်းပေါ်ကြီး ကူးတို့ဆိပ်မှာ အင်အား ၁၀၀ ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီပူးပေါင်း ပျူစောထီးတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပါတယ်။


