
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)ရဲ့ ရပ်ကျေး ဥက္ကဋ္ဌ ဦးကြည်သန်းကို နေအိမ်မှာ သွားရောက် ဖမ်းဆီးချိန် သေနတ်လုယူ ဖို့ကြိုးစားတာကြောင့် ပစ်ခတ်ခဲ့တာမှာ သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းက ဒီဇင်ဘာ ၆ ရက်မှာ ထုတ်ပြန် ပါတယ်။
ဒီဇင်ဘာ ၅ ရက်မနက်ပိုင်းက နေအိမ်မှာ မဲစာရင်းကိစ္စတွေ လုပ်ကိုင်နေတဲ့ အသက် ၆၄ နှစ်အရွယ် တစညပါတီ ရပ်ကျေးဥက္ကဋ္ဌ ဦးကြည်သန်းနဲ့တကွ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ လက် ထောက်စာရေးမချို တို့ကို ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဝင်ရောက်ဖမ်းဆီးစဥ်မှာ မချိုက အသာတကြည်ဖမ်းဆီးခံပေမဲ့ ဦးကြည်သန်းကတော့ ထွက်ပြေးဖို့လုပ်တာကြောင့် တပ်ဖွဲ့ဝင်တယောက်က နောက်ကလိုက်လံဖမ်းဆီးရာမှာ သေနတ်လုယူဖို့ ကြိုးစားတာကြောင့်ပစ်ခတ်ခဲ့တာလို့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ပြောပါတယ်။
“သူတို့က ရွေးကောက်ပွဲမဲစာရင်း လုပ်ပေးနေတယ်လို့ သတင်းရထားတာပါ။ အိမ်ပေါ်မှာ သွားဖမ်းတော့ မချိုက ကောင်းကောင်းမွန်မွန်ပဲ အဖမ်းခံတယ်။ ဦးကြည်သန်းက ထွက်ပြေးတော့ ရဲဘော်တဦးက လိုက်ဖမ်းရင်း အိမ်အောက်ထပ်မှာ လုံးထွေးနေတုန်း သေနတ်လုပြီး ပြန်ပစ်ဖို့ လုပ်တော့ အဲ့ဒီမှာ သူပစ်ခံထိတယ်။ နားထင်နဲ့ဗိုက်မှာ တချက်စီထိတယ်။”
ဦးကြည်သန်းဟာ အရင်အစိုးရလက်ထက်ကတည်းက ကျောက္ကာကျေးရွာနယ်မြေမှာ စစ်တပ်နဲ့ ပတ်သက်နေသူဖြစ်သလို အခုစစ်အာဏာရှင်လက်ထက်မှာလည်း တော်လှန်ရေးမှာ ပါဝင်နေတဲ့ ရွာသားတွေကို သတင်းပေးတိုင်ကြားနေသူဖြစ်တယ်လို့ ပုလောဒေသခံတယောက်က ပြောပါတယ်။
“နဂိုကတည်းက စစ်တပ်ဘက်က အလုပ်လုပ်ပေးနေတာပါ။ NLD မတိုင်ခင်ကဆို စစ်တပ်ဘက်ကနေ တော်တော်အလုပ်လုပ်ပေးသူပါ။ ပြည်သူ့စစ်တောင်လုပ်ခဲ့သေးတယ် ထင်တယ်။ အရင်ကတည်းက စစ်တပ်ကို အင်မတန်ချစ်တဲ့သူပါ။”
အဆိုပါပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဦးကြည်သန်းရဲ့ မိသားစုနဲ့ တစည ပါတီတာဝန်ရှိသူတွေ ကိုရော စစ်ကောင်စီ ရပ်ကျေးအုပ်ချုပ်ရေးဘက်ကိုပါ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါဘူး။
ဒီဖြစ်စဉ်မှာ အရပ်သားပြည်သူတယောက်ဖြစ်တဲ့ ဦးဝင်းကြိုင်ရဲ့ လက်သန်းမှာ ကျည်ထိမှန်ခဲ့ပြီး ဒဏ်ရာရခဲ့တဲ့အပေါ် တပ်ရင်းဘက်ကနေ ကာယကံရှင်နဲ့ မိသားစုဝင်တို့ကို မေတ္တာရပ်ခံ တောင်းပန်တဲ့ အကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အုပ်ချုပ်ရေးမှူးရဲ့ လက်ထောက်စာရေး မချိုကိုတော့ ဆက်လက်ထိန်းသိမ်းထားပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကနေ အရေးယူဆောင်ရွက်မှုလုပ်သွားမယ်လို့ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ပြောပါတယ်။


