
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပင်လယ်ပြင်တနေရာမှာ စက်လှေတစီးနစ်မြုပ်ပြီး PDF ရဲဘော်တယောက် သေဆုံးခဲ့တယ်လို့ ပုလောမြို့နယ်ပညာရေးဘုတ်အဖွဲ့ဆီက သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ MOE လက်အောက်က ပြည်သူ့အခြေပြုကျောင်းတွေဆီ ပညာရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ လူ ၁၀ ယောက်ကျော် လိုက်ပါလာတဲ့ စက်လှေဟာ ဒီဇင်ဘာ ၅ ရက်၊ မနက် ၁၁ နာရီလောက်မှာ တိမ်းမှောက်ခဲ့ပြီး PDF ရဲဘော်တယောက် ရေနစ်သေဆုံးသွားတယ်လို့ ပြောပါတယ်။
စက်လှေနစ်မြုပ်ရာမှာပါတဲ့ ဆရာမက “လေပြင်းကြောင့် စက်လှေမှောက်ပြီး ပါလာတဲ့ လုံခြုံရေးရဲဘော်က ချက်ချင်းနစ်မြုပ်သွားတယ်။ ကျမတို့က ပင်လယ်ထဲမှာ တနာရီခွဲဝန်းကျင်လောက် ရုန်းကန်လိုက်ရတယ်” လို့ ပြောပါတယ်။
သေဆုံးသူမှာ ပုလော PDF ရဲဘော် အသက် ၂၃ နှစ်အရွယ် ရဲဘော်နေတိုး ဖြစ်တယ်လို့ သိရပါတယ်။
စက်လှေမှာ ပုလောမြို့နယ်ပညာရေးဘုတ်အဖွဲ့က ဆရာ ဆရာမတွေ၊ ပြည်သူအုပ်ချုပ်ရေးအဖွဲ့နဲ့ PDF ရဲဘော်တွေပါဝင်ပြီး ပါလာတဲ့ ဖုန်းတွေလည်း ရေစိုပြီး ပျက်စီးကုန်တယ်လို့ သိရပါတယ်။
ဆရာမက “ဖုန်း ၁၃ လုံးပျက်စီးသွားတယ်။ ပညာရေးဘုတ်အဖွဲ့က အရေးကြီးတဲ့ ဖုန်း ၃ လုံးလည်းပါတယ်။ အခုလက်ရှိမှာတော့ အဆက်အသွယ်နဲ့ ပတ်သက်ပြီး အခက်အခဲဖြစ်နေတယ်” လို့ DVBကို ပြောပါတယ်။
ပုလောမြို့နယ်အတွင်း MOE လက်အောက်မှာ ပြည်သူ့အခြေပြုကျောင်း ၁၆ ကျောင်းဖွင့်ထားနိုင်ပြီး ကျောင်းသား ကျောင်းသူ ၃၀၀၀ ကျော် ပညာသင်ကြားနေတယ်လို့ ပုလောမြို့နယ်ပညာရေးဘုတ်အဖွဲ့ဆီက သိရပါသေးတယ်။


