Home
မြန်မာသတင်း
စစ်တပ်က ပုလောမြို့နယ်ကို စစ်ကြောင်းထိုးပြီး နေအိမ်များ မီးရှို့ဖျက်ဆီး
DVB
·
October 26, 2025

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်က မြိတ်-ထားဝယ်ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်နိုင်ဖို့အတွက် နေအိမ်တွေကို မီးရှို့တာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၂၄ ရက်က ပြည်ထောင်စုလမ်းမကြီးနံဘေးရှိ သင်္ကန်းတောရွာအနီးနားဝန်းကျင်မှာ တော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တနေကုန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ညနေ ၃ နာရီလောက်မှာ သင်္ကန်းတောရွာရှိ နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ 

တော်လှန်ရေးတပ်ဖွဲ့နဲ့နီးစပ်သူတဦးက “စကစက ပြည်ထောင်စုလမ်းမကြီးကို စိုးမိုးဖို့အတွက် လက်နက်ကြီးပစ်ကူတွေနဲ့ စစ်ကြောင်းထိုးနေတာပါ။ နောက်ပြီး နေအိမ်တွေ မီးရှို့ထားခဲ့တာ။ ဒရုန်းကလည်း နေ့တိုင်းချတယ်။ ငွေရှိတဲ့သူတချို့က မြို့ဘက်မှာရှောင်နေကြပြီး ဒေသခံအများစုက နီးစပ်ရာ ဥယျာဥ်ခြံမြေတွေထဲမှာ စစ်ရှောင်နေရတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာအကုန်နဲ့ အောက်တိုဘာလအတွင်းမှာလည်း စစ်ကောင်စီတပ်က   ပလကျေးရွာအုပ်စု၊ မင်းပြင်ရွာရှိ နေအိမ် ၂၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ပလမြို့မှာ ခန့်မှန်း အင်အား ၂၀၀ ခန့် အထိုင်ချထားပြီး နီးစပ်ရာကျေးရွာတွေကို လက်နက်ကြီးပစ်ကူနဲ့ စစ်ကြောင်းထိုးတာ၊ နေအိမ်တွေကို မီးရှို့တာတွေကြောင့် ပလကျေးရွာအုပ်စု၊ တိုကျေးရွာအုပ်စု၊ ကဒဲကျေးရွာအုပ်စု၊ လက္ကူးကျေးရွာအုပ်စု၊ မင်းထိန်ကျေးရွာအုပ်စုတို့မှ ဒေသခံ ၅ ထောင်ကျော် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။ 

စစ်ဘေးရှောင်ဒေသခံတယောက်က “အများစုက ကွင်းပြင်လို နေရာမျိုးမှာပဲ နေနေရတာ။ ဘယ်အချိန် စကစနဲ့ တွေ့ပြီး အဖမ်းခံရမလဲဆိုတာ ကြောက်နေရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ပုလောမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးတလျှောက်ကို ပြန်လည်ထိန်းချုပ်ဖို့အတွက် အရပ်သား နေအိမ် ၄၀ နီးပါးခန့်ကို မီးရှို့ဖျက်ဆီးထားပြီး ထပ်မံစစ်ကြောင်းထိုးနေကာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း ထိတွေ့တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024