
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဘုတ်ထမ်းရွာကို စစ်တပ်က လေယာဉ်နဲ့ အောက်တိုဘာ ၂၅ ရက် ညနေ ၄ နာရီခွဲလောက်မှာ ဗုံးကြဲတိုက်ခိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဘုတ်ထမ်းရွာကို ဂျက်ဖိုက်တာနဲ့ ညနေ ၄ နာရီ ၁၉ မိနစ်မှာ တကြိမ်၊ ၄ နာရီ ၂၁ မိနစ် တကြိမ် စုစုပေါင်း ၂ ကြိမ် ဗုံးကြဲသွားတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ဗုံးသီးက ဘုတ်ထမ်းကျေးရွာ ဦးမင်းမော်ဆီစက် ကိုတိုက်ခိုက်မှု ပြု လုပ်သွားတာဗျ။ တိုက်ပွဲဖြစ်ပွားတာမရှိလည်း ရည်ရွယ်ချက်ရှိရှိ ၂ ကြိမ်ပစ်သွားတယ်လို့ပဲ ယူဆရပါတယ်ဗျ။ ဆီစက်အဆောင်ကတော့ ပျက်စီးသွားသလို ဆီစက်အနီးဝန်းကျင်က လူနေအိမ်တွေလည်း ပျက်စီးသွားတယ်။ ပြည်သူ ၂ ဦးလည်း မစိုးရိမ်ရဒဏ်ရာရရှိတယ်။ နွား ၃ ကောင် သေတယ်။ ကျန်တာကတော့ ဘာမှမဖြစ်သွားပါဘူး” လို့ ပြောပါတယ်။
ဒီပဲယင်းမြို့နယ် ပကဖ တာဝန်ခံတယောက်က “ဒီပဲယင်းမြို့နယ်ထဲကို လေယာဉ်နဲ့ ဗုံးကြဲမယ်ဆိုတဲ့ သတင်းကတော့ ရတယ်။ ကျနော်တို့ တွက်ထားတာက ဒီပဲယင်းမြို့အနီးကို ကြဲလိမ့်မယ်လို့ တွက်ထားတာ။ ဒီပဲယင်းမြို့အနီးကို မကြဲဘဲ ဘုတ်ထမ်းရွာဘက်ကို ကြဲချသွားတာ။ ပြည်သူတွေ အသေအပျောက်မရှိဘူး၊ လူနေအိမ်တချို့ ပျက်စီးတာပဲ ရှိခဲ့တယ်” လို့ ပြောပါတယ်။
စစ်တပ်က ဘုတ်ထမ်းရွာကို ပေါင် ၅၀၀ ဗုံးတလုံးနဲ့ အသေးစားဗုံးသီတလုံး ကြဲချသွားတာကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ပြောင်းရွှေ့နေကြတာလည်း ရှိတယ်လို့ သိရပါတယ်။


