
ဧရာဝတီတိုင်း ရေကြည်မြို့နယ် စပြင်ကျေးရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၃ ရက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၄ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီက ရေကြည်မြို့နယ်အတွင်း ပထမဦးဆုံးအကြိမ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စပြင်ကျေးရွာက လူနေအိမ် ၁၇ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “အောက်တိုဘာ ၂၃ ရက်နေ့မနက် ၁၁ နာရီ ၃၀ မှာ ဗုံးလာကြဲတာ၊ ပေါင် ၅၀၀ ဗုံးကြဲချတာ၊ ဂျက်ဖိုက်တာ ၂ စီးနဲ့။ နေ့လယ် ၁ နာရီ မိနစ် ၃၀ မှာ တကြိမ် စုစုပေါင်း ၂ ကြိမ် လာကြဲသွားတာ” လို့ ပြောပါတယ်။
စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် စပြင်ကျေးရွာဒေသခံ အမျိုးသမီး ၃ ယောက်၊ အမျိုးသား ၁၇ ယောက်နဲ့ ကလေးငယ် ၄ ယောက် စုစုပေါင်း ၂၄ ယောက် ဗုံးစထိမှန်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အနည်းငယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ် မြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးတာ၊ နေအိမ်တွေ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


