
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ရွာမှ ပြည်သူတွေကို စစ်ကောင်စီစစ်ကြာင်းက အောက်တိုဘာ ၂၅ ရက် မနက် ၇ နာရီလောက်မှာ ဘောလုံးကွင်းအတွင်းကို ခေါ်ဆောင်ပြီး နေပူလှန်းထားကာ ရွာအနီး နွားကျောင်းသားတယောက်ကိုလည်း ပစ်သတ်ခဲ့တယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။
အဆိုပါစစ်ကြောင်းမှာ မုံရွာမအူဂိတ်၊ တောပုရွာပျူနဲ့ ခင်မွန် ကျေးရွာမှာရှိတဲ့ စစ်တပ်မွေးမြူရေးခြံက စစ်သားတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
တန်းစီရာမှာပါဝင်သူရွာသားတယောက်က “စစ်ကြောင်းရောက်လာပြီး တရွာလုံးမှာရှိတဲ့သူတွေကို ရွာဘော်လုံးကွင်းထဲ ခေါ်ပါတယ်။ အိမ်ထောင်စုဇယားတွေလည်း တပါးတည်းယူဖို့ ပြောတယ်။ ဘာလုပ်မယ်တော့ မသိဘူး။ အခုနေ့ခင်း ၁၂ နာရီအထိ နေပူပူ ဘောလုံးကွင်းထဲမှာ တန်းစီ နေရတယ်” လို့ ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တယောက်က “စစ်ကြောင်းက ရွာထဲမှာရှိတဲ့ လူအကုန် ဖမ်းဆီးသလို ရွာအရှေ့ဘက်မီးရထားသံလမ်းမှာ ကင်းပုန်းဝတ်တဲ့ စစ်ကောင်စီတွေက နွား ကျောင်းသားတဦးကိုလည်း ပစ်သတ်တာတွေလုပ်တယ်။ ပစ်သတ်ခံရသူ နွားကျောင်းသားအမည်က ချစ်သဲမောင်ပါဗျ။ အသက်က ၄၅ နှစ်ပါ။ သူက တောပုရွာကနေ ခင်မွန်ရွာကို ပြောင်းရွှေ့ နေထိုင်သူတဦပါ။ ကျနော်တို့နဲ့ ဘာတိုက်ပွဲမှ မဖြစ်ဘဲ အကြောင်းမဲ့ ပစ်သတ်ကြတာ။အ ခုအချိန်အထိ ရွာသားတွေကို ပြန်မလွှတ်ပေးသေးဘူး။ ကျနော်တို့ ဒါကို စောင့်ကြည့်နေပါတယ်” လို့ ပြောပါတယ်။
ခင်မွန်ရွာကို စစ်ကြောင်းဝင်မယ်လို့ သတင်းတွေ ထွက်ပေါ်လာတာကြောင့် ကြိုတင်ရှောင်ရှားပြီး နေရပ်စွန့်ခွာ ထွက်ပြေးလွတ်မြောက်လာသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ ခင်မွန်ရွာဟာ မုံရွာ-မန္တလေးသွား ကားလမ်းမကြီးဘေးမှာရှိတယ်လို့ သိရပါတယ်။




