
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ အမှတ် ၄ ရပ်ကွက်ရှိ ကျောက်စုဂိတ်အနီးမှာ ဆိုင်ကယ်မောင်းနှင်လာတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး စိုးဝေနဲ့ လုံခြုံရေးလိုက်ပါလာတဲ့ စစ်မှုထမ်းတပ်သားတယောက်တို့ကို ပစ်ခတ်ခဲ့ရာ ၂ ယောက်စလုံး နေရာမှာ သေဆုံးခဲ့ကြတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက နိုဝင်ဘာ ၅ ရက် မနက်က ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၃ ရက် မနက် ၈ နာရီခန့်က အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး စိုးဝေ မောင်းနှင်လာပြီး နောက်က လုံခြုံရေးလိုက်ပါပေးတဲ့ စစ်ကောင်စီ စစ်မှုထမ်းတပ်သားတယောက် တို့ကို ပစ်ခတ်ခဲ့ပြီးနောက် AK-47 ရိုင်ဖယ်တလက်၊ ကျည်ဘောက်တခု၊ ၇.၆၂ ကျည်တောင့်တခု၊ Vivo ဖုန်းတလုံးနဲ့ ကလေးကစားစရာတွေဖြစ်တဲ့ ပစ္စတိုအတုတလက်နဲ့ လက်ပစ်ဗုံး ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး စိုးဝေဟာ စစ်ကောင်စီနဲ့ အကျိုးတူ ပူးပေါင်းလုပ်ဆောင်မှုတွေအပြင် စစ်မှုထမ်းဥပဒေ အကြောင်းပြ ငွေညှစ်၊ ခြိမ်းခြောက်မှုတွေ ရှိတဲ့အတွက် ရှင်းလင်းခဲ့တာလို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“အုပ်ကြီးက ဒီကာလမှာ နည်းနည်း နာမည်ကြီးတဲ့အထဲ ပါတယ်။ အရင် တော်လှန်ရေးအစမှာဆို ရဲဘော်မိသားစုဝင်တွေကို ဖမ်းခိုင်းတာ၊ ထောက်ပို့တွေကို စစ်တပ်ခေါ်ပြီး ဖမ်းခိုင်းတာမျိုး ရှိတယ်။ စစ်မှုထမ်း စုဆောင်းတဲ့အချိန်မှာ စစ်မှုထမ်းစာရင်း မပါအောင် ငွေဘယ်လောက်ပေးရင် သူလုပ်ပေးမယ် ဆိုပြီး တောင်းတာရှိတော့ ကျနော်တို့ဘက်ကလည်း သတိပေးတယ်၊ ပူးပေါင်း မဆောင်ရွက်ပေးတော့ ကျနော်တို့ဘက်ကလည်း ဒီလိုမျိုး လုပ်လိုက်ရတယ်။”
အဆိုပါ လုပ်ဆောင်ချက်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းနဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ရင်းကနေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမှတ် ၄ ရပ်ကွက်၊ ကျောက်စုဂိတ်အနီးမှာ ခလရ ၂၈၅ တပ်ရင်း ရှိပြီးတော့ ပစ်ခတ်ရှင်းလင်းပြီးတဲ့အချိန် စစ်ကောင်စီတပ်သားတွေကနေ အလောင်းတွေကို သယ်ဆောင်သွားကာ အနားဝန်းကျင်က လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။


