
ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၊ ဘွန်ဒိုင်းကမ်းခြေမှာ ကျင်းပတဲ့ ဂျူးပွဲတော်တခုမှာ ဒီဇင်ဘာ ၁၄ ရက်က သေနတ်သမားတွေက ပစ်ခတ်ခဲ့လို့ လူ ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ဒါဟာ ဂျူးဆန့်ကျင်ရေးတိုက်ခိုက်မှုလို့ သြစတြေးလျ အရာရှိတွေက ပြောပါတယ်။
ဒဏ်ရာရသူ ၂၉ ယောက်ထဲမှာ ရဲအရာရှိ ၂ ယောက် ပါဝင်ပြီး သံသယရှိထားတဲ့ သေနတ်သမားတွေထဲက တယောက်လည်း သေဆုံးခဲ့ပါတယ်။ ဒုတိယတယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပြီး တတိယမြောက် သေနတ်သမား ပါဝင်ပတ်သက်မှု ရှိ၊ မရှိကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ နယူးဆောက်သ်ဝေးလ်စ် ပြည်နယ်ရဲမင်းကြီး မယ်လ်လန်ညံက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဝန်ကြီးချုပ် အန်ထော်နီအယ်လ်ဘာနိစ်က ဩစတြေးလျ အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးတရပ်ကို ခေါ်ယူခဲ့ပြီး တိုက်ခိုက်မှုကို ရှုတ်ချလိုက်ပြီး မကောင်းမှုက နားမလည်နိုင်လောက်အောင် ဆိုးရွားတယ်လို့လည်း ပြောပါတယ်။
ပူပြင်းတဲ့ နွေရာသီညနေခင်းမှာ လူပြည့်ကျပ်နေတဲ့ နာမည်ကျော်ကမ်းခြေကို ပစ်ခတ်မှုဟာ ၁၀ မိနစ်လောက် ကြာခဲ့ပြီး လူရာပေါင်းများစွာလည်း သဲသောင်ပြင်တလျှောက်နဲ့ အနီးနားက လမ်းတွေ၊ ပန်းခြံတွေထဲကို ပြန့်ကျဲ ဝင်ရောက်သွားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောခဲ့ပါတယ်။
ရဲနဲ့ ဆေးဝန်ထမ်းတွေက ပစ်ခတ်မှုဖြစ်တဲ့နေရာမှာ လူတွေကို ကုသပေးနေတဲ့ ရုပ်သံကို ရုပ်မြင်သံကြားကွန်ရက် ABC က ထုတ်လွှင့်ခဲ့ပါတယ်။ ဟာနုကာပွဲတော်ကို လူပေါင်း ၁,၀၀၀ လောက် တက်ရောက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
Source: Reuters


