
ဘွန်ဒိုင်းသူရဲကောင်း အာမက် အယ်လ် အာမက်ဟာ ကမ္ဘာတဝန်းက ဂုဏ်ပြုဆုငွေ ဒေါ်လာ ၂ ဒသမ ၅ သန်းတန် ချက်လက်မှတ်ကို ဆေးရုံမှာ လက်ခံခဲ့ပါတယ်။
တနင်္ဂနွေနေ့က ဩစတြေးလျနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုမှာ သေနတ်သမားကို နောက်ကနေ ချုပ်ပြီး သေနတ်ဝင်လုခဲ့တဲ့ ရဲရင့်တဲ့လုပ်ရပ်ကို ကမ္ဘာပေါ်ရှိ အလှူရှင်တွေက ဂုဏ်ပြုဆုငွေ ပေးခဲ့တာပါ။
အာမက်ရဲ့လုပ်ရပ်က လူ ၃၀ ကျော် အသက်ဘေးကနေ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ အာမက်ကို ကနေဒါဆိုရှယ်မီဒီယာ influencer ဒီရီနီယိုစကီးက ချက်လက်မှတ်လာပေးချိန်မှာ အာမက်က သူနဲ့ ထိုက်တန်လို့လားလို့ မေးခဲ့ပါတယ်။
ဒီဂုဏ်ပြုဆုကြေးတွေဟာ လူတိုင်းရဲ့ တကျပ်တပြားနဲ့ ဂုဏ်ပြုတာဖြစ်တယ်လို့ ဒီရီနီယိုစကီးက ပြန်ဖြေခဲ့ပါတယ်။
“လူတွေကို ကယ်တဲ့အချိန်မှာ ကျနော့်ရဲ့ နှလုံးသားထဲက အတိုင်း ကယ်ခဲ့တာပါ။ အဲဒီနေ့က လူတိုင်း ပျော်ရွှင်နေတဲ့ သာယာတဲ့နေ့လေးတနေ့ပါ။ ကလေးတွေ၊ အမျိုးသမီးတွေ၊ အမျိုးသားတွေ၊ ဆယ်ကျော်သက်တွေ အားလုံး ပျော်နေကြတာပေါ့။ ဒီနိုင်ငံက ကမ္ဘာပေါ်မှာ အကောင်းဆုံးနိုင်ငံ တနိုင်ငံလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ မတရားမှုတွေကို ကျနော်တို့ ရပ်မကြည့်နေသင့်ပါဘူး” လို့ အာမက်က ပြောပါတယ်။
ရုပ်သံမှတ်တမ်းတွေအရ အာမက်ဟာ သေနတ်သမားကို နပန်းဝင်လုံးဖို့ ကားနောက်ကနေ ပုန်းပြီး ကြိုးစားခဲ့တာ တွေ့ရပါတယ်။
အာမက်ဟာ ဆန်းဒါးလန်းရှိုင်း စတိုးဆိုင်ပိုင်ရှင်ဖြစ်ပြီး သူ့ကို ဆန်းဒါးလန်းမှာနေတဲ့သူတွေကလည်း ကျေးဇူးတင်ကြောင်းနဲ့ ဂုဏ်ယူကြောင်း အမှာစာ ပေးပို့ခဲ့ပါတယ်။
Source: Reuters


