
ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၊ ဘွန်ဒိုင်းကမ်းခြေက ဟနုက္ခာ ဂျူးပွဲတော်မှာ ဒီဇင်ဘာ ၁၄ ရက်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နောက်ဆုံးရသတင်းတွေအရ သေဆုံးသူ ၁၅ ယောက်အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
ကျူးလွန်သူတွေဟာ ဆာဂျိအကရမ်နဲ့ နာဗိအကရမ်ဆိုတဲ့ သားအဖ ၂ ယောက် ဖြစ်တယ်လို့ အာဏာပိုင်တွေက အတည်ပြုပါတယ်။ ဖခင်ဖြစ်သူ သေဆုံးသွားပြီး သားဖြစ်သူကတော့ ဒဏ်ရာပြင်းထန်ရရှိထားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီဖြစ်စဉ်အတွင်း သေနတ်သမားတယောက်ကို လက်နက်မဲ့ ဝင်ရောက်လုံးထွေး ဖမ်းဆီးခဲ့တဲ့ အမျိုးသားတယောက်ကိုတော့ သူရဲကောင်းအဖြစ် ချီးကျူးဂုဏ်ပြုနေကြပါတယ်။
အဲဒီပုဂ္ဂိုလ်ဟာ အသက် ၄၃ နှစ်အရွယ် သစ်သီးဆိုင်ပိုင်ရှင် အာမက် အယ်လ်အာမက် ဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။
ကားပါကင်တခုမှာ အဖြူရောင်ရှပ်အင်္ကျီဝတ်ထားတဲ့ အာမက်ဟာ ရိုင်ဖယ်ကိုင် ပစ်ခတ်နေတဲ့ သေနတ်သမားအနီးကို နောက်ကနေ ချဉ်းကပ်ပြီး လက်ထဲကသေနတ်ကို ဝင်လုတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။
သူဟာ သေနတ်သမားကို နောက်ကနေ သိုင်းဖက်ပြီး သေနတ်ကို အတင်းဆွဲယူကာ မြေကြီးပေါ် ချထားလိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အာမက်ဟာ သေနတ်ဒဏ်ရာ ၂ ချက် ရရှိခဲ့ပြီး ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။
နယူးဆောက်ဝေးစ် ပြည်နယ်ဝန်ကြီးချုပ် ခရစ်မင်စ်က အာမက်ဟာ “စစ်မှန်တဲ့ သူရဲကောင်း” ဖြစ်ပြီး သူ့ရဲ့ ရဲစွမ်းသတ္တိကြောင့် လူအများအပြား အသက်ရှင်ကျန်ရစ်ခဲ့တာလို့ ပြောကြားခဲ့ပါတယ်။
Source: Reuters


