
မိုဇမ်ဘစ်နိုင်ငံတဝန်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာသော ရေကြီးရေလျှံမှုတွေ ကြောင့် လူပေါင်း ထောင်သောင်းချီ ပိတ်မိနေခဲ့ကြောင်း အရာရှိတွေက ဇန်နဝါရီ ၁၉ ရက်မှာ ပြောပါတယ်။
ရေကြီးမှုတွေကြောင့် လူပေါင်း ၆၂,၀၀၀ ကျော်ကို တိုက်ရိုက်သက်ရောက်မှုရှိခဲ့ပြီး အိမ်ခြေ ၇၂,၀၀၀ ကျော် ရေလွှမ်းမိုးခံခဲ့ရကာ လမ်းတွေ၊ တံတားတွေနဲ့ ကျန်းမာရေးစင်တာတွေ ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးခဲ့ရတယ်လို့ ကယ်ဆယ်ရေးတွေမှာ ကူညီပေးနေတဲ့ နိုင်ငံတကာကြက်ခြေနီနဲ့ လခြမ်းနီ အသင်းများအဖွဲ့ချုပ် (IFRC) က ပြောပါတယ်။
အခြေအနေကလည်း မြန်မြန်ဆန်ဆန် ပြောင်းလဲနေပြီး လာမဲ့ရက်တွေအတွင်း မိုးရွာသွန်းမှုတွေ ဆက်လက်ဖြစ်ပေါ်နေဦးမယ်လို့ မျှော်လင့်ရကြောင်းလည်း IFRC က ဆိုပါတယ်။
ရေကာတာတွေမှာလည်း စွမ်းဆောင်ရည်က အပြည့်ရှိနေပြီဖြစ်တာကြောင့် အခြေအနေ ပိုမိုဆိုးရွားလာနိုင်ပြီး နောက်ထပ်လူတွေကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့လည်း ဆိုပါတယ်။
ပြင်းထန်တဲ့ရေကြီးမှုတွေကြောင့် လူထောင်ပေါင်းများစွာ နေအိမ်တွေကနေ ထွက်ပြေးခဲ့ရပြီး ရွှံ့နွံတွေ မြင့်တက်လာမှုကြောင့် တချို့မှာလည်း အိမ်ခေါင်မိုးတွေပေါ်မှာ ပိတ်မိနေခဲ့တယ်လို့ အကူအညီပေးရေး လုပ်သားတွေနဲ့ မျက်မြင်သက်သေတွေက ဇန်နဝါရီ ၁၉ ရက်မှာ ပြောပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ စေတနာ့ဝန်ထမ်းတွေဟာ အသက်ရှင်ကျန်ရစ်သူတွေဆီ ရောက်ရှိဖို့ ငါးဖမ်းလှေငယ်တွေကို အသုံးပြုခဲ့ကြပါတယ်။
ရေကြီးမှုကြောင့်အထိခိုက်ဆုံးမှာ မြို့တော်မာပူတိုရဲ့ မြောက်ဘက်ရှိ ဂါဇာပြည်နယ် ဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
အမျိုးသား ဘေးအန္တရာယ်အေဂျင်စီမှ အချက်အလက်တွေအရ ထိခိုက်ခံရတဲ့ ပြည်နယ် ၅ ခုမှာ လူပေါင်း ၄ သိန်းကျော် ထိခိုက်ခဲ့ရပြီး အိမ်ခြေ ၂၉,၆၀၀ ကျော်ဟာ တစိတ်တပိုင်း သို့မဟုတ် လုံးဝပျက်စီးခဲ့ပါတယ်။
ပြည်တွင်းမီဒီယာတွေမှာတော့ ဒီရေကြီးမှုက နှစ်ပေါင်း ၂၀ အတွင်း အဆိုးရွားဆုံးဖြစ်နိုင်ကြောင်း ခန့်မှန်းနေကြပါတယ်။
အခုနောက်ဆုံးရေကြီးမှုမှာ သေဆုံးသူ သို့မဟုတ် ဒဏ်ရာရရှိသူ အရေအတွက်ကို ချက်ချင်းခန့်မှန်းထားခြင်း မရှိပါဘူး။
အောက်တိုဘာလမှာ မိုးရာသီ စတင်ကတည်းက လူ ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
သမ္မတ ဒန်နီရယ်ချာပိုဟာ ဒါဗော့စ်မှာ ကျင်းပမဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို သွားရောက်မဲ့ ရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီး အသက်ကယ်ဖို့က ဦးစားပေးဖြစ်ကြောင်း ဇန်နဝါရီ ၁၈ ရက် နှောင်းပိုင်းက လူမှုမီဒီယာမှာ ပြောကြားခဲ့ပါတယ်။
Source:Reuters


