
အင်ဒိုနီးရှားနိုင်ငံမှာ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် သေဆုံးသွားရတဲ့ အမည်မသိအလောင်း အနည်းဆုံး ၂၄ လောင်းကို ဒီဇင်ဘာ ၁၀ ရက်က ပါဒန်မှာ ဈာပနအခမ်းအနားနဲ့ အစုလိုက်အပြုံလိုက် မြှုပ်နှံခဲ့ပါတယ်။
နိုဝင်ဘာလကုန်မှာ ဘေးအန္တရာယ်ကျရောက်ခဲ့ပြီး တပတ်ကျော်ကြာပြီးနောက်မှာ အနောက်ဆူမားတြားပြည်နယ်ရဲ့ အဆိုးရွားဆုံး ထိခိုက်ခံရတဲ့ ဒေသတခုမှာ အလောင်း ၂၃၅ လောင်းကို ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့ပြီး ကျန် ၂၄ လောင်းကိုတော့ သူတို့ရဲ့ဆွေမျိုးတွေက လာမရှာဖွေကြသေးကြောင်း ပြောပါတယ်။
ဆူမားတြားပြည်နယ်၊ အာချေးခရိုင်ရဲ့ ကုန်းမြင့်ပိုင်းဒေသတွေမှာ နေထိုင်ကြတဲ့ အင်ဒိုနီးရှား နိုင်ငံသားတွေဟာ ပြီးခဲ့တဲ့အပတ်က ရေကြီးရေလျှံမှုဖြစ်ပြီး မြေပြိုမှုကြောင့် မြို့ ၂ မြို့အကြားမှာ လမ်းမကြီးတခု ပြတ်တောက်သွားပြီးနောက် နေ့စဉ် ထောက်ပံ့ရေးပစ္စည်းတွေ ရရှိဖို့အတွက် အေးတဲ့ရာသီဥတုနဲ့ ရွှံ့နွံတွေအကြားမှာ နာရီပေါင်းများစွာ လမ်းလျှောက်ရကြောင်း ပြောကြပါတယ်။
သူတို့ဟာ အစားအစာနဲ့ လောင်စာဆီရရှိဖို့ မြေသားလမ်းတွေတလျှောက် ၅ နာရီကြာ ခရီးနှင်ရကြောင်း ဒေသခံတချို့က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေဖြစ်ပြီး သေဆုံးသူဦးရေဟာ ဒီဇင်ဘာ ၁၀ ရက်အထိ ၉၆၇ ယောက် ရှိလာခဲ့ပြီး ၂၆၂ ယောက် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တရားဝင် အချက်အလက်တွေအရ သိရပါတယ်။
လူအယောက် ၅,၀၀၀ လောက်လည်း ဒဏ်ရာရရှိခဲ့ပြီး မုန်တိုင်းကြောင့် အိမ်နီးချင်း မလေးရှားနဲ့ ထိုင်းနိုင်ငံတောင်ပိုင်းတို့မှာလည်း လူ ၂၀၀ လောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။
ဆူမားတြားရှိ ဒေသန္တရအစိုးရ အရာရှိတွေဟာ ကယ်ဆယ်ရေးနဲ့ သက်သာလျော့ပါးရေး လုပ်ငန်းတွေအတွက် ရန်ပုံငွေထပ်မံရရှိအောင် အမျိုးသားအရေးပေါ်အခြေအနေ ကြေညာပေးဖို့ ဂျကာတာရှိ အစိုးရကို တောင်းဆိုခဲ့ပါတယ်။
Source: Reuters


