
အင်ဒိုနီးရှားနိုင်ငံ၊ မြောက်ဆူလာဝေစီမှာ ရုတ်တရက်ရေကြီးမှုကြောင့် အနည်းဆုံး လူ ၁၄ ယောက် သေဆုံးခဲ့တယ်လို့ ဇန်နဝါရီ ၆ ရက်မှာ အရာရှိတယောက်က ပြောကြားခဲ့ပြီး ပျောက်ဆုံးနေသူတွေကို ရှာဖွေနေဆဲလို့ ဆိုပါတယ်။
ဇန်နဝါရီ ၅ ရက်အစောပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆီအောင်း တာဂူလန်ဒန်င် ဘီယာရို ဒေသရှိ ဆီအောင်းကျွန်းမှာ ရုတ်တရက်ရေကြီးမှုဖြစ်ခဲ့တာလို့ ဒေသခံ ကယ်ဆယ်ရေးအေဂျင်စီ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အင်္ဂါနေ့မှာ ပျောက်ဆုံးနေသူ ၄ ယောက်ကို ရှာဖွေဖို့ ကယ်ဆယ်ရေးသမား ၁၆ ယောက်ကို စေလွှတ်ခဲ့ပြီး ခုချိန်အထိ လူ ၁၈ ယောက် ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဖြည့်စွက်ပြောဆိုပါတယ်။
အဓိကလမ်းတွေမှာ ကျောက်တုံးကြီးတွေနဲ့ အပျက်အစီးတွေ ဖုံးလွှမ်းနေတာကြောင့် ရှင်းလင်းဖို့ မြေတူးစက်တွေကို ချထားပြီး ဒေသခံတွေနဲ့ ကယ်ဆယ်ရေးသမားတွေဟာ ရွှံ့ထူထပ်သောနေရာမှာ နစ်မြုပ်နေတဲ့ ရုပ်အလောင်းတွေကို ဆွဲထုတ်ကာ လူနာတင်ယာဉ်တွေပေါ် ပို့ဆောင်ခဲ့ကြပါတယ်။
ရေကြီးမှုကြောင့် အိမ်ရာနဲ့ အစိုးရအဆောက်အအုံ ရာပေါင်းများစွာ ပျက်စီးသွားကြောင်း မြောက်ဆူလာဝေစီ အုပ်ချုပ်ရေးမှူး ယူလီးယပ်စ် ဆယ်လ်ဗန်နပ်စ်က ပြောပါတယ်။ အင်ဒိုနီးရှားရာသီဥတုအေဂျင်စီရဲ့ ခန့်မှန်းထားချက်အတိုင်း ဆူလာဝေစီကျွန်းမှာ မိုးအများဆုံးရွာသွန်းတဲ့ ရာသီမှာ ရုတ်တရက်ရေကြီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
Source:Reuters


