
အင်ဒိုနီးရှားကမ်းရိုးတန်းမှာ လူ ၁၁ ယောက် တင်လာတဲ့ လှေတစင်း အစွန်းရောက်ရာသီဥတုကြောင့် နစ်မြုပ်ပြီးတဲ့နောက် စပိန်မိသားစု ၄ ယောက်ပျောက်ဆုံးနေတယ်လို့ စပိန်အာဏာပိုင်တွေနဲ့ အင်ဒိုနီးရှားသတင်းဌာနတခုက ဒီဇင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။
စပိန် ခရီးသွား ၂ ယောက်၊ သင်္ဘောသား ၄ ယောက်နဲ့ ခရီးသွားလမ်းညွှန် တယောက်တို့ကို သောကြာနေ့ နှောင်းပိုင်းမှာ ဘေးကင်းကင်း ကယ်တင်နိုင်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာန အန်တာရာက ရေးပါတယ်။
ကယ်ဆယ်ရေးသမားတွေက အင်ဒိုနီးရှားကမ်းရိုးတန်းမှာ လူတွေကို ကယ်နေတဲ့ ဗီဒီယိုကို အင်ဒိုနီးရှား အမျိုးသားရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအေဂျင်စီ (BASARNAS) က ထုတ်ပြန်ခဲ့ပါတယ်။
ဗီဒီယို အစိတ်အပိုင်း တွေထဲမှာမြင်ရတဲ့ အဆောက်အအုံတွေ၊ ဆိပ်ကမ်းအဆောက်အအုံတွေနဲ့ ဂြိုဟ်တုပုံရိပ်တွေ ကိုက်ညီနေလို့ တည်နေရာကို အတည်ပြုနိုင်ခဲ့ပါတယ်။
ဗီဒီယိုထဲက တခြားအစိတ်အပိုင်းတွေရဲ့ တည်နေရာနဲ့ ဗီဒီယိုရိုက်ကူးခဲ့တဲ့ ရက်စွဲကို လွတ်လွတ်လပ်လပ် အတည်မပြုနိုင်သေးပါဘူး။
လူကြိုက်များတဲ့ အားလပ်ရက်အပန်းဖြေနေရာတခုဖြစ်တဲ့ လာဘူအန် ဘာဂျိုကျွန်းနား ပါဒါကျွန်း ရေလက်ကြားက ၃ မီတာအထိရှိတဲ့ လှိုင်းလုံးတွေကြားမှာ လှေနစ်မြုပ်သွားတာလို့ ကျွန်းရဲ့ဆိပ်ကမ်းအာဏာပိုင်က အန်တာရာ သတင်းဌာနကို ပြောပါတယ်။
အင်ဒိုနီးရှား ကယ်ဆယ်ရေးအဖွဲ့တွေက ပျောက်နေတဲ့ မိသားစုကို ရှာနေတယ်လို့ စပိန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
Source:Reuters


