
ပါရှန်းပင်လယ်ကွေ့မှာ အမေရိကန်ရဲ့ စစ်အင်အား တိုးချဲ့နေချိန်မှာပဲ အီရန်ဟာ စစ်ရေးအရ အရေးယူတာမျိုးနဲ့ မကြုံချင်ဘူးဆိုရင် အချက် ၂ ချက်ကို လိုက်နာဖို့ လိုအပ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
“ပထမဆုံးအနေနဲ့ နျူကလီးယား မပိုင်ဆိုင်ရဘူး။ ဒုတိယအချက် ဆန္ဒပြပြည်သူအပေါ် သတ်ဖြတ်နေတာတွေကို ရပ်တန့်ပေးရမယ်” ဆိုပြီး အမေရိကန်သမ္မတကိုယ်တိုင် မှတ်ချက်ပြုပါတယ်။
“အခုဆိုရင် အလွန်ကြီးမားပြီး အစွမ်းထက်လှတဲ့ စစ်သင်္ဘောကြီးတွေက အီရန်နိုင်ငံဘက်ကို ဦးတည်နေပါတယ်။ တကယ်လို့ အဲဒါတွေ သုံးစရာမလိုဘူး ဆိုရင်တော့ အကောင်းဆုံးပဲ” လို့လည်း ဖြည့်စွက်ပြောပါတယ်။
အမေရိကန်ဟာ အီရန်ရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး သဘောတူညီချက် ရရှိဖို့အတွက် သီတင်းပတ်နဲ့ချီအောင် ဖိအားပေးနေခဲ့တာပါ။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘာ့စ်အဲရက်ချီကတော့ “ကျနော်တို့ လုံခြုံရေးအတွက် ချတဲ့အခါ နျူကလီးယားလက်နက် ဆိုတာမျိုး မပါဝင်ပါဘူး။ အဲဒါတွေကို ပိုင်ဆိုင်ဖို့အတွက်လည်း ဘယ်သော အခါမှ မကြိုးစားခဲ့ဖူးပါဘူး”လို့ တုံ့ပြန်ထားပါတယ်။
အီရန် ငွေကြေးတန်ဖိုး အကြီးအကျယ် ကျဆင်းလာတာနဲ့အမျှ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ ဒီဇင်ဘာလ နှောင်းပိုင်းမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။
အခုလိုမျိုး မငြိမ်မသက်မှုတွေ စဖြစ်ပြီး နောက်ပိုင်း အနည်းဆုံး လူ ၆,၄၇၉ ယောက် သေဆုံးခဲ့ရကြောင်း HRANA လူ့အခွင့်အရေးဆိုင်ရာ သတင်းအေဂျင်စီက အတည်ပြုထားပါတယ်။
အဲဒီထဲမှာ ဆန္ဒပြသူအရေအတွက် ၆,၀၉၂ ယောက်၊ ကလေးငယ် ၁၁၈ ယောက်နဲ့ အစိုးရဘက်တော်သား ၂၁၄ ယောက် ပါဝင်တယ်ဆိုပြီး ဖော်ပြထားပါတယ်။
နောက်ထပ် သေဆုံးသူ ၁၇,၀၀၀ ကျော် ရှိတယ်ဆိုတဲ့ သတင်းကိုလည်း HRANA အဖွဲ့က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
တချိန်တည်းမှာ ဥရောပသမဂ္ဂ (EU) ကလည်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာလိုက်ပါတယ်။
အီးယူရဲ့ အကြမ်းဖက်စာရင်းထဲ ထည့်သွင်းခံရတဲ့အလျောက် IRGC ဟာ အယ်လ်ကိုင်းဒါးနဲ့ အစ္စလာမ္မစ်နိုင်ငံတော် (IS) လိုမျိုး ဂျီဟတ်အဖွဲ့တွေနဲ့ တတန်းတည်း ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် အီရန်နိုင်ငံထဲက အဖွဲ့အစည်း ၆ ခုနဲ့ လူပုဂ္ဂိုလ် ၁၅ ယောက်ကိုပါ အရေးယူပိတ်ဆို့မှု အသစ်တွေ ချမှတ်ခဲ့တယ်ဆိုပြီး အီးယူအနေနဲ့ အတည်ပြုပါတယ်။
ဒါ့အပြင် စစ်ရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးအရ အရေးပါတဲ့ IRGC ဟာ အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင်တပ်ဖွဲ့လည်း ဖြစ်ပါတယ်။
၁၉၇၉ ခုနှစ်တုန်းက အစ္စလာမ္မစ်တော်လှန်ရေး ပြီးဆုံးချိန်မှာပဲ ဘာသာရေးအရ အုပ်ချုပ်မဲ့စနစ်ကို ကာကွယ်ဖို့အတွက် IRGC တပ်ဖွဲ့ရယ်လို့ ပေါ်ပေါက်လာခဲ့တာပါ။
အဲဒီတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေဆဲ စစ်သည်အင်အားက ၁၉၀,၀၀၀ လောက်ရှိပြီး ကြည်း၊ လေ၊ ရေ စစ်ဆင်ရေးအပြင် အီရန်ရဲ့ ဗျူဟာမြောက် လက်နက်တွေကိုပါ ကြီးကြပ်ကွပ်ကဲနေပါတယ်။
Source: Reuters


