
ရာသီဥတု အရမ်းအေးတဲ့ ရက်သတ္တပတ်အတွင်းမှာ ယူကရိန်းကို မတိုက်ဘူးလို့ ရုရှားသမ္မတ ပူတင်က သဘောတူတဲ့အကြောင်း အမေရိကန်သမ္မတ ထရမ့်ပ်က ပြောပါတယ်။
အစိုးရအဖွဲ့ အစည်းအဝေးပွဲမှာ ထရမ့်ပ်က အခုလို ထုတ်ဖော်ပြောဆိုခဲ့တာပါ။ ယူကရိန်းနိုင်ငံမှာ လာမဲ့ ရက်အနည်းငယ်အတွင်း အပူချိန်ဟာ အနုတ် ၁၁ ဒီဂရီဖာရင်ဟိုက်ကို ရောက်ရှိမှာဖြစ်ပြီး အရမ်းအေးတဲ့အချိန်ကို ရောက်လာမှာပါ။
“အရမ်းအေးတဲ့ ဒီတပတ်ထဲမှာ ကိယက်ဗ်မြို့နဲ့ တခြားမြို့တွေကို မတိုက်ခိုက်ဖို့ ပူတင်ကို ကျနော် ပုဂ္ဂိုလ်ရေးအရ ပြောခဲ့ပါတယ်။ သူကလည်း သဘောတူခဲ့ပါတယ်။ ဒါက အရမ်းကောင်းပါတယ်။ လူအများစုကတော့ ဖုန်းဆက်ပြီး အချိန်ကုန်မခံပါနဲ့လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ပူတင်ကတော့ အရမ်းအေးတဲ့အချိန် မတိုက်ဖို့ သဘောတူခဲ့ပါတယ်” လို့ ထရမ့်ပ်က ပြောပါတယ်။
လက်ရှိအချိန် ယူကရိန်းနိုင်ငံမှာ အေးတဲ့အချိန်လည်းဖြစ်ပြီး အရမ်းဆိုးရွားတဲ့ အအေးဒဏ်နဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီးကတော့ ယူကရိန်း စွမ်းအင်အဆောက်အအုံတွေကို တိုက်ခိုက်တဲ့ ရုရှားရဲ့ တိုက်ခိုက်မှုတွေ ရပ်အောင် လုပ်နိုင်ခဲ့တဲ့ အမေရိကန်ကို ကျေးဇူးတင်တယ်လို့သူ့ရဲ့ ညပိုင်း ဗွီဒီယိုမိန့်ခွန်းမှာ အခုလို ပြောဆိုခဲ့တာပါ။
ယူကရိန်းနိုင်ငံမှာ လူနေအဆောက်အအုံ ၄၅၀ ကျော်ဟာ အပူပေးစနစ်မရှိဘဲ အရမ်းအေးတဲ့ ဆောင်းကာလကို ဖြတ်သန်းနေရတာ ဖြစ်ပါတယ်။
ရုရှားက ယူကရိန်း စွမ်းအင်အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့မှုကြောင့် လူနေ အဆောက်အအုံတွေကို အရမ်းအေးတဲ့အချိန်မှာ အပူးပေးစနစ် ပံ့ပိုးနိုင်ခြင်း မရှိတာပဲ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံဟာ တိုက်ခိုက်မှုတွေ အဆုံးသတ်အောင် စွမ်းဆောင်နိုင်မယ်လို့လည်း မျှော်လင့်တဲ့ အကြောင်းနဲ့ လာမဲ့ရက်တွေမှာ ရလဒ်ကို စောင့်ကြည့်ရမယ်လို့ ဇလန်းစကီးက ထပ်မံပြောကြားခဲ့ပါတယ်။
Source: Reuters


