Home
မြန်မာသတင်း
နေရပ်ပြန် လုပ်သားအချို့ အထောက်အထားမစုံသဖြင့် ပြည်ပ ပြန်ထွက်ခွင့်မရ
DVB
·
January 31, 2026

နိုင်ငံရပ်ခြားမှာအလုပ်သွားလုပ်ပြီး နေရပ်ပြန်လာတဲ့ လုပ်သားတချို့ အထောက်အထား မစုံတာကြောင့် ပြည်ပ ပြန်ထွက်ခွာခွင့် မရဘဲ အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရပါတယ်။

စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ပြည်ပကနေ မြန်မာနိုင်ငံဆီ နေရပ် ပြန်လာတဲ့ အလုပ်သမားတချို့ကို ပြည်ပ ပြန်ထွက်ခွာတဲ့အခါ နေပြည်တော်ရုံးကို စာတင်ရပြီး၊ OWIC ကတ် အပါအဝင် ခွင့်စာ မပါတာ၊ Work permit သက်တမ်းကုန်တာနဲ့ အိမ်အကူ လုပ်သားတွေကို ထွက်ခွင့် မပြုဘူးလို့ သိရပါတယ်။

ဇန်နဝါရီ ၂၇ ရက်က စစ်ကောင်စီရဲ့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနကနေ ပြည်ပထွက်ခွာခွင့် လျှောက်ထားသူများထဲက လိုအပ်ချက် မပြည့်စုံသူ ၄၅ ယောက် စာရင်းကို ထုတ်ပြန်ခဲ့ရာမှာ စင်ကာပူမှာ အိမ်အကူအလုပ် လုပ်ကိုင်သူ (Domestic Worker) ဖြစ်နေလို့ဆိုတဲ့ အချက် ပါဝင်လာခဲ့တာပါ။

စင်ကာပူမှာ အလုပ်လုပ်ကိုင်နေသူတယောက်က “စင်ကာပူကနေ ခွင့်ရလည်း OWIC ကတ် ရှိရင် ခွင့်နဲ့ ပြန်လို့ရတယ်။ ဒါပေမဲ့ OWIC ကတ်ရှိလည်း အခု နေပြည်တော်ကို သူတို့ကို ရုံးဆီကို စာလှမ်းတင်ရတယ်။ အရင်တုန်းကတော့ အီးမေးလ်နဲ့ တင်ရတာပေါ့။ အခုကတော့ စာတိုက်ကနေ လှမ်းတင်ရတယ်။ လှမ်းတင်လို့ အဲ့ဘက်က နာမည်စာရင်းထွက်မှ လေယာဉ်နဲ့ စင်ကာပူကို ပြန်ထွက်လာလို့ ရတာပေါ့။ အဲ့လိုတော့ ရှိတယ်။ ဒါက OWIC ကတ် ရှိပြီးသားလူတွေပေါ့နော်။ မရှိသေးသူတွေကျတော့ မြန်မာပြည်ကို ခွင့်ပြန်ရင် မြန်မာနိုင်ငံမှာ OWIC ကတ် လုပ်မယ်ဆိုရင် ခွင့်က ၂ လ (သို့မဟုတ်) ၃ လ လောက်နေမှ OWIC ကတ် ရတယ်လို့ ပြောတယ်။ OWIC ကတ် မပါရင်တော့ ပြန်ထွက်လို့ မရဘူး”လို့ ပြောပါတယ်။

ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ကိုင်ဆောင်ထားပြီး ပြည်ပသွား အလုပ်လုပ်သူတွေကို ဌာနရဲ့ ခွင့်ပြုချက်ရမှ ထွက်ခွာခွင့်ပေးမယ်လို့ စစ်ကောင်စီ သြဇာခံ အလုပ်သမားဝန်ကြီးဌာနက ဇန်နဝါရီ ၁၁ ရက်မှာ အသိပေး ထုတ်ပြန်ခဲ့ပါတယ်။

OWIC ကတ် မရှိသေးတဲ့ အိမ်အကူ လုပ်သားတွေအနေနဲ့ Work pass ရှိရင် စစ်ကောင်စီထံ အခွန်ဆောင်၊ အခြေခံလစာ ၂၅ ရာခိုင်နှုန်း လွှဲပြောင်းစာရွက်၊ အလုပ်ရှင်ခွင့်စာနဲ့ ခွင့်ပြန် OWIC ကတ် လျှောက်ပြီး၊ OWIC ကတ် ကျမှ ပြည်ပပြန်ထွက်ခွင့်ရမယ်လို့ ဆိုပါတယ်။

အခုလို စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက တင်းတင်းကျပ်ကျပ် လုပ်ဆောင်တာဟာ နေရပ်ပြန်တဲ့ ပြည်ပလုပ်သားတွေ၊ အထူးသဖြင့် အိမ်အကူ အမျိုးသမီးလုပ်သားတွေအတွက် အခက်အခဲနဲ့ အလုပ်အကိုင်၊ ငွေကြေးဆုံးရှုံးတာတွေ ပိုဖြစ်စေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက မှတ်ချက် ပေးပါတယ်။ 

အလုပ်သမားအရေးလှုပ်ရှားသူ ကိုစိုင်းယုမောင်က “တကယ်တမ်းက ဒါက အမြတ်ထုတ်ဖို့ လုပ်တဲ့ လုပ်ငန်းစဉ်ပေါ့။ သူတို့က သူတို့ အိတ်ထဲကို စီးဆင်းလာအောင် လုပ်တာပေါ့။ ပိုခက်ခဲအောင်လုပ်တာ။ ပိုခက်ခဲမှသာလျှင် အလုပ်သမားတွေက ဒီ OWIC ကတ်က မရဘူးသာ ပြောတာ။ ပိုက်ဆံ ပေးရင်ရတယ် ပြောတယ်။ ကျပ်သိန်း ၂၀၊ ၃၀ ထိတောင် ပေးရတယ် ပြောတယ်။ တကယ်က ပိုက်ဆံနဲ့ ဖြေရှင်းရင် ရတယ်။ အလုပ်သမားတွေက ပိုက်ဆံ မပေးနိုင်တဲ့အခါကျတော့ အကြွေးနဲ့ သွားမယ် လုပ်တယ်။ အဲ့အခါ အေးဂျင့်က အဲ့ပိုက်ဆံကို ပြန်ပေးရမယ်။ ပြန်နုတ်မယ်ဆိုပြီး လုပ်တာရှိတယ်။ နောက်ဆုံးမှာကျတော့လည်း အလုပ်သမားတွေဆီကပဲ ပြန်နုတ်တယ်။ ဒီပိုက်ဆံတွေက လေဆိပ်မှာပဲ သူတို့ အချင်းချင်း စားသောက်ပြီး ကုန်သွားကြတယ်။ ဒါက သူတို့ စားပေါက်အတွက် ဖန်တီးထားတာပေါ့”လို့ ပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ အရင်ကခွင့်နဲ့ ပြည်တွင်းကို ပုံမှန်ဝင်ထွက်လို့ရခဲ့ပေမဲ့ စစ်ကောင်စီက ထွက်ခွင့်စောင့်ခိုင်းတဲ့စနစ် ပြောင်းလဲကျင့်သုံးလိုက်တဲ့နောက် ပြည်တွင်းက ထွက်မရဘဲ ပိတ်မိကုန်ကြတာလို့ နေရပ်ပြန်လုပ်သားတွေက ပြောပါတယ်။ 

လက်ရှိမှာ ပြန်လည်ထွက်ခွာခွင့် မရသေးတဲ့ လုပ်သားအချို့ဟာ အလုပ်အကိုင်မရှိဘဲ အချိန်ကြာကြာ စောင့်ဆိုင်းနေရပြီး၊ တချို့ကတော့ အလုပ်ပြန်ရနိုင်ဖို့ OWIC ကတ် အမြန် လုပ်ပေးမယ်ဆိုတဲ့ ပွဲစားအေးဂျင့်တချို့ရဲ့ ငွေကြေးတောင်းခံမှုတွေပါ ကြုံတွေ့နေရပါတယ်။

 ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013