
စစ်ကောင်စီက ပြည်ပမှာ အိမ်အကူလုပ်သားအဖြစ် လုပ်ကိုင်တဲ့ ခွင့်ပြန်အလုပ်သမားတွေကို ပြန်လည်ထွက်ခွာခွင့် ချမပေးဘဲ တားဆီးထားတယ်လို့ အဲဒီအလုပ်သမားတွေက ပြောပါတယ်။
ပြည်ပက ခွင့်ပြန်အလုပ်သမားတွေရဲ့ ပြန်ထွက်ခွာခွင့် လျှောက်ထားမှုအပေါ် လိုအပ်ချက်ရှိလို့ဆိုပြီး ခွင့်မပြုတဲ့ ထောက်ပြချက်တွေထဲ အိမ်အကူလုပ်သား (Domestic Worker) ဖြစ်နေလို့ဆိုတဲ့ အချက် ပါလာတာလို့ ဆိုပါတယ်။
စင်ကာပူနိုင်ငံမှာ အိမ်အကူလုပ်နေသူတယောက်က “လိုအပ်ချက်မပြည့်စုံလို့ဆိုပြီး ခွင့်ပြုချက် မကျတဲ့ စာရင်းမှာ Domestic Worker ဖြစ်နေလို့ဆိုတာ ပါလာတော့ ဒီကပြန်သွားတဲ့သူတွေ ပြန်လာဖို့ အခက်တွေ့နေကြတယ်။ ပထမ မိသားစုကိစ္စနဲ့ ခဏပြန်မဲ့သူတွေတောင် မပြန်ရဲကြတော့ဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ခွင့်ပြုချက်ချပေးလို့မရတဲ့ အချက်အလက် မပြည့်စုံသူတွေရဲ့ စာရင်းထုတ်ပြန်ကာ လိုအပ်တဲ့အချက်တွေ ဖြည့်စွက်ပြင်ဆင်ပြီး ပြန်တင်ပြဖို့ အသိပေးထားတာ ရှိပါတယ်။
မြန်မာနိုင်ငံက အမျိုးသမီးတချို့ဟာ ထိုင်း၊ စင်ကာပူနဲ့ အရှေ့အလယ်ပိုင်းဒေသနိုင်ငံတွေမှာ အိမ်အကူလုပ်သားအနေနဲ့ သွားရောက်လုပ်ကိုင်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။
အရင်က အမျိုးသမီးတွေကို အိမ်အကူလုပ်သားအဖြစ် တရားဝင် သွားလုပ်ခွင့်ပေးခဲ့ပေမဲ့ ၂၀၁၀ အစိုးရတက်လာပြီးနောက်မှာ အလုပ်သမားတွေရဲ့ လုံခြုံမှုနဲ့ နိုင်ငံပုံရိပ် ထိခိုက်နိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လုပ်ကိုင်ခွင့်ပိတ်ခဲ့တာ အေဂျင်စီတွေဆီက သိရပါတယ်။
ဒါပေမဲ့ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုနဲ့ ဝင်ငွေမလုံလောက်မှုတွေကြောင့် ပြည်ပကို ရတဲ့နည်းနဲ့ထွက်ပြီး အိမ်အကူအနေနဲ့ သွားရောက်လုပ်ကိုင်တာတွေ ဆက်ရှိနေတာလို့ သူတို့က ပြောပါတယ်။
အဲဒီအလုပ်သမားတွေအနေနဲ့ အရင်က ခွင့်နဲ့ ပုံမှန်ဝင်ထွက်လို့ရခဲ့ပေမဲ့ စစ်ကောင်စီက ထွက်ခွင့်စောင့်ခိုင်းတဲ့စနစ် ပြောင်းလဲကျင့်သုံးလိုက်တဲ့နောက်မှာ ပြည်တွင်းက ထွက်မရဘဲ ပိတ်မိနေခဲ့တာ ဖြစ်တယ်လို့ ပြည်ပရောက် အိမ်အကူလုပ်သားတွေက ဆိုပါတယ်။
ဒါ့အပြင် အလုပ်ရှင်ရဲ့ ဖုန်းနံပါတ်နဲ့ အီးမေးလ်လိပ်စာ မပေးနိုင်တာ၊ သံရုံးကနေ ဆက်သွယ်တာကို အလုပ်ရှင်က ဖုန်းမကိုင်တာတွေရှိတဲ့ ခွင့်ပြန်အလုပ်သမားတွေမှာ ပြန်ထွက်ခွင့်မကျလို့ အခက်တွေ့နေကြတာ ရှိပါတယ်။


