
ပြည်ပမှာ အလုပ်သွားလုပ်မဲ့သူတွေ အနေနဲ့ ဇန်နဝါရီ ၁၄ ရက် ကစလို့ ခွင့်ပြုချက်ယူပြီးမှ ထွက်ခွာရမယ်လို့ စစ်ကောင်စီလက်အောက်ရှိ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ဇန်နဝါရီ ၁၃ ရက်မှာ အသိပေး ထုတ်ပြန်ပါတယ်။
ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ကိုင်ဆောင်ထားပြီး ပြည်ပသွား အလုပ်လုပ်မဲ့ သူတွေကို ခွင့်ပြုချက်ရမှ ထွက်ခွာ ခွင့်ပေးမယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ဇန်နဝါရီ ၁၁ ရက်မှာ ထုတ်ပြန်လိုက်တာပါ။
အရင်လို ထွက်ခွာခွင့်တင်ထားတဲ့ အီးမေးလ် အထောက်အထားပြရုံနဲ့ ထွက်ခွင့်မရတော့တာနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေထွက်ပေါ်ခဲ့ပြီးနောက် အခုလိုထပ်ပြီး ထုတ်ပြန်လာတာဖြစ်ပါတယ်။
OWIC ကတ် ကိုင်ဆောင်ထားတဲ့ ခွင့်ပြန်အလုပ်သမားတွေက ပြည်ပထွက်ခွာခွင့်မတင်ဘဲ ပြည်ပကို ထွက်ခွာနေတယ်လို့ လေဆိပ်ကနေ သတင်းပေးပို့တာရှိတဲ့အတွက် ခွင့်ပြုချက်ရယူပြီးမှ ထွက်ခွာဖို့ အသိပေးတာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီ နောက်ဆက်တွဲ ထုတ်ပြန်ချက်မှာ ခွင့်ပြုချက်တင်ရမဲ့ ရက်ကိုထည့်သွင်းသတ်မှတ်ပေး တာကလွဲရင် ထူးခြားမှုရှိမနေဘူးလို့ ပြည်ပထွက်မဲ့ ခွင့်ပြန် အလုပ်သမားတယောက်က ပြောပါတယ်။
"အလုပ်သမားတွေကိုပဲ အပြစ်ဖို့သွားပြီး ဖြေလျှော့ပေးတာမရှိဘူး။ တမင်တကာကို ထွက်ခွာခွင့် တင်းကျပ်တာ။ သူတို့အပြစ် မဟုတ်ဘူးဆိုတဲ့ သဘောနဲ့လုပ်တာ။"
အဲဒီလို ပြည်ပထွက်ခွာခွင့်ကို အလုပ်သမားက ရုံးပိတ်ရက်မပါ ၅ ရက် ကြိုတင်လျှောက်ထား ရမယ်လို့ အလုပ်သမား ညွန်ကြားရေး ဦးစီးဌာနက ဆိုပါတယ်။
ပြည်ပထွက်ခွာခွင့် ပြုတဲ့စာရင်းကို ဌာနရဲ့ Safe Migration တယ်လီဂရမ် ကနေအသိပေး ကြေညာ ပေးမှာလို့လည်း အသိပေးထားပါတယ်။
ခွင့်ပြုချက်ရမှ ထွက်ခွင့်ပေးမယ်လို့ ရုတ်တရက် ညွန်ကြားခဲ့တဲ့အတွက် ဇန်နဝါရီ ၁၂ ရက်မှာ အလုပ်သမားတွေ လေဆိပ်ကနေ လှည့်ပြန်ခဲ့ကြရတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ဆိုပါတယ်။


