
ပြည်ပထွက်အလုပ်လုပ်ခွင့် ကန့်သတ်ခံထားရတဲ့ အသက်လွတ်ကင်းသူတွေအတွက် အလုပ်ချိတ်ဆက်ရှာရတာ ခက်ခဲနေတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းတွေထံက သိရပါတယ်။
ပြည်ပထွက် အလုပ်လုပ်ခွင့် ကန့်သတ်အသက်နဲ့လွတ်တဲ့ ၃၅ နှစ်အထက် အမျိုးသားတွေကို ပြည်ပအလုပ်ရှင်တွေက ခေါ်ယူခန့်ထားဖို့ စိတ်ဝင်စားမှုနည်းတာကြောင့် စေလွှတ်ဖို့မလွယ်ကူတဲ့ အနေအထား ကြုံနေရတာလို့ ဆိုပါတယ်။
ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တယောက်က “ချိတ်ဆက်ထားတဲ့ နိုင်ငံတွေမှာ ယောက်ျားလေးလုပ်သား လိုတယ်၊ ခေါ်ချင်တယ်၊ ခေါ်စာပို့ထားတာတွေလည်း ရှိတယ်။ ပြဿနာက သူတို့ခေါ်မယ့် အလုပ်သမားက ဒီဘက်မှာ ထွက်ခွင့် ကန့်သတ်ခံထားရတယ်။ လွှတ်လို့ရတဲ့ အလုပ်သမားကျတော့ သူတို့လိုချင်တဲ့ အသက်အရွယ် ဟုတ်မနေဘူး။ အဲဒီတချက်နဲ့တင် အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးနေရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက တောင်ကိုရီးယားနိုင်ငံကို အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) က စေလွှတ်တဲ့ အလုပ်သမားကလွဲရင် မတ်လကစပြီး အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို ပြည်ပထွက် အလုပ်လုပ်ခွင့် တားမြစ်ထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီက ကန့်သတ်တားမြစ်ထားတဲ့ အသက်အရွယ်မှာ ပြည်ပအလုပ်ရှင်တွေ လိုချင်တဲ့ လုပ်သားအရွယ် ဖြစ်နေတာကြောင့် မြန်မာလုပ်သားအစား တခြားနိုင်ငံက လုပ်သားတွေကို ပြောင်းခေါ်လိုက်တာမျိုးတွေ ရှိလာတယ်လို့ ဂျပန်ကို လုပ်သားစေလွှတ်နေတဲ့ အေဂျင်စီ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
“ကန့်သတ်လွတ်အရွယ် လုံးဝမခေါ်တာတော့ မဟုတ်ဘူး။ ခေါ်တာနည်းတာ။ အဲဒီတော့ အခြေအနေအရ အမျိုးသမီးလုပ်သားတွေကို ပိုအားစိုက်လာရတဲ့သဘော ဖြစ်လာတယ်။ ဒါတောင် အရေအတွက် ကန့်သတ်ထားသေးတာ။”
စစ်ကောင်စီသြဇာခံ အလုပ်သမားဝန်ကြီးဌာနက အောက်တိုဘာပထမအပတ်ထဲမှာ အေဂျင်စီနဲ့ ချိတ်ဆက်ကာ နိုင်ငံခြားထွက် အလုပ်လုပ်မယ့်သူတွေထဲက ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (OWIC) လုပ်ခွင့်ပေးလိုက်သူ ၂၁၉ ယောက်ရှိခဲ့ပြီး အားလုံးက အမျိုးသမီးလုပ်သားတွေ ဖြစ်တာကို အဲဒီဌာနရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။




