
စစ်အုပ်စုက ကျင်းပဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲကို ပျက်ပြားအောင် လှုံ့ဆော်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရန်ကုန်၊ လှိုင်သာယာအရှေပိုင်းမြို့နယ် ၆ ရပ်ကွက်က အမျိုးသား ၂ ယောက်ကို ဖမ်းဆီးအမှုဖွင့်လိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
လှိုင်သာယာအရှေ့ပိုင်းနဲ့ အနောက်ပိုင်းမြို့နယ်က နေရာ ၁၀ နေရာမှာ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့စာတွေ လိုက်ကပ်တယ်ဆိုပြီး လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ၆ ရပ်ကွက်နေ အောင်ရဲထွဋ်(ခ)ရဲထွဋ်နဲ့ ရန်နိုင်ကြည်ဝင်း(ခ)အကြီးကောင်တို့ကို စက်တင်ဘာ ၁၈ ရက်မှာ ဖမ်းဆီးပြီး ရွေးကာဥပဒေပုဒ်မ ၂၃(က) နဲ့အမှုဖွင့်တာ လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၁၅ ရပ်ကွက်နေသူတယောက်က “၁၇ ရက်နေ့က ကျန်စစ်သားလမ်းမက ဓာတ်တိုင်မှာ ရွေးကောက်ပွဲဆန့်ကျင်တဲ့စာတွေ ကပ်သွားတယ်ဆိုပြီး စစ်တပ်က ၁၅ စျေးလေး၊ ဝန်ထမ်းကြီးအိမ်ရာ အလယ်ရွာနဲ့ရုံးရှေ့အထိ ပိတ်ဆို့ပြီးရှာတာ မမိဘူး။ နောက်ရက်မှ စစ်တပ်က ၆ ရပ်ကွက်မှာ မိတာ၊ စာကပ်တဲ့သူက သူတို့ ၂ ယောက် ဟုတ်၊ မဟုတ်ဆိုတာတော့ မသိဘူး” လို့ ပြောပါတယ်။
ဖမ်းဆီးပြီးနောက် လှိုင်သာယာအရှေပိုင်းမြို့နယ်ရဲစခန်းမှာ အောင်ရဲထွဋ်(ခ) ရဲထွဋ်နဲ့ ရန်နိုင်ကြည်ဝင်း(ခ)ရန်နိုင်တို့ကို (ပ) ၈၁၇/၂၀၂၅၊ ရွေးကာဥပဒေပုဒ်မ ၂၃(က) နဲ့အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၆ ရက် ည ၁၀ နာရီဝန်းကျင်ကလည်း ရွှေပြည်သာမြို့နယ်၊ ထန်းခြောက်ပင်လမ်းဆုံမှာ ဆိုင်ကယ်စီးပြီး ဒို့အရေးအော်ခဲ့တဲ့ ရဲသူရအောင်၊ ကျော်ဝဏ္ဏ၊ ချစ်ဝင်းနဲ့ ပြေထွန်းတို့ကိုလည်း ရွေးကောက်ပွဲဥပဒေနဲ့အမှုဖွင့်လှစ်ထားပါတယ်။
အလားတူ စက်တင်ဘာ ၉ ရက်ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ အေးသာယာမြို့နေ ကိုနေသွေးကို တောင်ကြီးမြို့နယ်တရားရုံးက ရွေးကာဥပဒေပုဒ်မ ၂၃ (က)နဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ပါသေးတယ်။