
တောင်ဥက္ကလာပမြို့နယ်၊ ၉ ရပ်ကွက်၊ သစ္စာလမ်းမပေါ် ပုဏ္ဏမီ ကားမှတ်တိုင်အနီးမှာ စက်တင်ဘာ ၂ ရက် ည ၇ နာရီက အမျိုးသားတယောက်ကို ဓားနဲ့ထိုးပြီး ဖုန်းလုသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ည ၇ နာရီက ပုဏ္ဏမီ ကားမှတ်တိုင်အနီးမှာ လမ်းလျှောက်တဲ့ အမျိုးသားတယောက်ကို အမျိုးသား ၂ ယောက်က ဖုန်းလုရာ ပြန်လည်ခုခံရာမှာ ဓားနဲ့ထိုးသွားတာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“ဖုန်းလုတယ်၊ ပြန်ခုခံတော့ ဓားနဲ့ထိုးတယ်၊ ဒဏ်ရာရတာများတယ်၊ မသေလို့တော်သေးတယ်။ ရပ်ကွက်က လူမှုကယ်ဆယ်ရေးအသင်းကို ဖုန်းဆက်အကူအညီတောင်းပြီး ဆေးရုံပို့လိုက်တယ်။ လုသွားတဲ့သူတော့ မမိသေးဘူး။ အခုလကုန်ကလည်း တောင်ဥက္ကလာစက်မှုဇုန်ထဲမှာ ရိုက်နှက်ပြီး ဖုန်းလုသွားသေးတယ်။”
ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသားကို မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းက မြောက်ဥက္ကလာပဆေးရုံကြီးကို ပို့ဆောင်ခဲ့ပြီး ရဲတွေက ရပ်ကွက်အတွင်း စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
မရမ်းကုန်းမြို့နယ်၊ သမိုင်းဘူတာရုံလမ်းမကြီးပေါ်မှာ စက်တင်ဘာ ၁ ရက် ည ၉ နာရီကလည်း လူငယ်တယောက်အား ဓားနဲ့ထိုးပြီး ဖုန်းလုသွားသူတွေကို အခုချိန်ထိ မမိသေးဘူးလို့ မြိုခံတယောက်က DVB ကို ပြောပါတယ်။
“၁ ရက်နေ့ညက မြို့ဟောင်း ၁၁ လမ်းထိပ်မှာ လူငယ်တဦးကို ဓားနဲ့ ရင်ဘတ်တွေရော၊ ပေါင်တွေရော ဓားနဲ့ထိုးပြီး ဖုန်းလုသွားတယ်။ ဓား နဲ့ ထိုးခံရတဲ့ ကောင်လေး အင်းစိန်ဆေးရုံမှာ တင်ထားရတယ်။ အခုချိန်ထိ လုသွားတဲ့သူမမိဘူး။”
အလားတူပင် မြောက်ဒဂုံမြိုနယ် ၁၆ ရပ်ကွက် မောင်းမကန်လမ်း၊ ရထားသံလမ်းအနီးမှာ သြဂုတ် ၃၀ ရက်က ရိုက်နှက်သတ်ဖြတ်ခံရထားရတဲ့ အမျိုးသားတယောက်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တဲ့ ဖြစ်စဥ်လည်းရှိပါတယ်။
၂၀၂၄ ခုနှစ်က စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနရဲ ထုတ်ပြန်ချက်အရ ပြည်နယ် နဲ့ တိုင်းဒေသကြီးတွေမှာ လုယက်၊ လူသတ်မှု ၁၀၀၀ နီးပါးဖြစ်ခဲ့ပြီး အဲ့ဒီထဲမှာ ရန်ကုန်တိုင်းက ၁၅၁ မှု ပါဝင်ပါတယ်။