
နေပြည်တော် ဇမ္မူသီရိမြို့နယ်မှာ အမျိုးသားတယောက်ကို ငွေကျပ် ၂၅ သိန်းယူပြီးသတ်ပေးခဲ့တဲ့ ရန်ကုန်၊ တောင်ဒဂုံမြို့နယ်က ကြေးစားလူသတ်သမား ၃ ယောက်ကို စစ်တပ်လက်အောက်ခံ ရဲတွေက ဖမ်းမိပြီး စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဇမ္ဗူသီရိမြို့နယ် သီရိရတနာအဆင်မြင့်စျေးမှာ ဇူလိုင် ၂၈ ရက် နေ့လယ် ၁ နာရီခွဲက အသက် ၂၇ နှစ်အရွယ် ကိုဝင်းကျော်ထွန်းကို အမည်မသိအမျိုးသား ၃ ယောက်က ဓားနဲ့ မသေမချင်း ထိုးသတ်ခဲ့ပြီး ဆေးရုံပို့ဆောင်ရာ လမ်းခုလတ်မှာ သေဆုံးသွားတာလို့ ဖြစ်စဥ်ကို သိသူတယောက်က DVB ကို ပြောပါတယ်။
“အသတ်ခံရတဲ့ကောင်လေးက ပါဆယ်ပစွည်းတွေ့ပို့တာ။ သတ်တဲ့သူ ၃ ယောက်က ပစွည်းမှားတယ်လို့ လိမ်ခေါ်ပြီး သီရိအနော်ရထာ ၁၁ လမ်းမှာ ဓားနဲ့ထိုးသတ်သွားတာ။ အစက ဆိုင်ကယ်လုတယ်ထင်တာ မဟုတ်ဘူး၊ ရဲတွေဖမ်းမိလို့ စစ်မှ ၂၅ သိန်းနဲ့ လူသတ်ပေးတာတဲ့၊ သတ်တဲ့သူတွေက ရန်ကုန်က။”
ရဲတွေက ပြစ်မှုကျူးလွန်သူ ၃ ယောက်ကို မိတ္ထီလာမြို့ အောင်ဆန်းမြို့သစ်ရပ်ကွက် ရွှေစင် ကားလက်မှတ်အရောင်းဆိုင်မှာ ဇူလိုင် ၃၀ ရက်က ဖမ်းမိပြီး စစ်ဆေးရာ အမျိုးသားတယောက်က ညီမဖြစ်သူနဲ့ကြိုက်နေတာကြောင့် ၂၅ သိန်းပေး သတ်ခိုင်းတာဖြစ်ကြောင်း ထွက်ဆိုထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို အတည်ပြုပြောဆိုပါတယ်။
“သတ်တဲ့သူတွေက တောင်ဒဂုံက။ နေပြည်တော်မှာ လူတယောက်သတ်ဖို့ လက်ခံထားတာ။ အစီအစဥ်မဖြစ်လို့ ပြန်ဖို့လုပ်တုန်း ရှိုင်းထက်အောင်ဆိုတဲ့သူက သူ့ညီမနဲ့ကြိုက်နေတဲ့ ဝင်းကျော်ထွန်းကို သတ်ပေးရင် သိန်း ၂၅ ပေးမယ်ဆိုလို့ သတ်ပေးတာ။ သတ်တဲ့သူတွေမိပေမဲ့ ခိုင်းတဲ့သူကို မမိသေးဘူး။”
ပြစ်မှုကျူးလွန်သူ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် အမှတ် ၁၀၄ ရပ်ကွက်နေ အောင်သူဝင်း၊ ကျော်ထက်ဦးနဲ့ မင်းခန့်အောင်တို့ကို ဇမ္ဗူသီရိမြို့နယ် အမှတ် ၁ မြို့မရဲစခန်းမှာ (ပ) ၇၉/၂၀၂၅၊ ပုဒ်မ ၃၀၂/၃၉၄ (လူသတ်မှု/လုယက်မှု) နဲ့ အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။
လတ်တလောမှာ ကိုဝင်းကျော်ထွန်းကို ငွေကျပ် ၂၅ သိန်း ပေးပြီး လူငှားသတ်ခိုင်းတဲ့ ရှိုင်းထက်အောင်ကို ရဲတွေက ထပ်မံဖမ်းဆီးရမိရေးအတွက် ရှာဖွေနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့လတွေက နေပြည်တော် ဥတ္တရသီရိမြို့နယ်နဲ့ ဇေယျာသီရိမြို့နယ်တို့မှာ လူသတ်ပြီး ပစွည်းလုတဲ့သူတွေကိုတော့ ခရိုင်တရားရုံးတွေက သေဒဏ်အမိန့်တွေ ချမှတ်ခဲ့ပါတယ်။