
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတူ ကြေးရုပ်တုကို စစ်ကောင်စီက ဖယ်ရှားလိုက်တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ပုံတူကြေးရုပ်တုကို ပုဗ္ဗသီရိမြို့နယ်၊ ပုဗ္ဗသီရိစျေးအနီးက ပန်းခြံအတွင်းမှာ ထားရှိထားတာ ဖြစ်ပါတယ်။
ဒီကြေးရုပ်တုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇူလိုင် ၂၈ ရက် မနက်အစောပိုင်းမှာ ဖယ်ရှားလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “၂၇ ရက် ညပိုင်းထိ ရှိသေးတယ်။ ၂၈ မနက်ကျမှ ဖြုတ်သွားတာနေမယ်။ ဒီရက်ပိုင်းက မိုးကလည်း တအားဆက်နေ၊ မနက်ကလည်း အစောကြီးဆိုတော့ လူပြတ်တာပေါ့။ အဲဒီအချိန် လုပ်သွားတာပဲနေမယ်” လို့ ပြောပါတယ်။
အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်တုကို NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုဟာ အမြင့် ၁၈ ပေ၊ ကြေးတန်ချိန် ၇ တန်ရှိတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက် အာဇာနည်နေ့က ဗိုလ်ချုပ်အောင်ဆန်းပြတိုက် အပါအဝင် အာဇာနည်ကုန်းကို သွားရောက်ဂါရဝပြုပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျန်ရစ်ပစ္စည်း အထိမ်းအမှတ်တွေကို ဂရုတစိုက် ထိန်းသိမ်းဖို့ ပြောဆိုခဲ့ပါသေးတယ်။