
ဒီနှစ်ထဲမှာ အကျိုးဆောင်လိုင်စင် ပိတ်သိမ်းလိုက်တဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၃၇ ခု ရှိတယ်လို့ စစ်ကောင်စီလက်အောက်ရှိ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ပိတ်သိမ်းလိုက်တဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေရဲ့ အမည်စာရင်းကို ထုတ်ပြန်လိုက်တာဖြစ်ပြီး အဲဒီထဲမှာ အေဂျင်စီ ၅ ခုကို ရာသက်ပန် ပိတ်သိမ်းအရေးယူခဲ့တယ်လို့ ဆိုပါတယ်။
ရာသက်ပန်ပိတ်သိမ်းခံရတဲ့ အေဂျင်စီထဲက ၃ ခုမှာ အမည်ပျက်စာရင်း (Black List) ပါ ထည့်သွင်းခံရပြီး လိုင်စင် တနှစ် ပိတ်အရေးယူခံရတဲ့ အေဂျင်စီ ၂ ခု၊ လိုင်စင်ပြန်အပ်တဲ့ အေဂျင်စီတခု ရှိကာ ကျန်အေဂျင်စီတွေက ကာလအပိုင်းအခြား နဲ့ ပိတ်သိမ်းခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီအေဂျင်စီတွေကို လိုင်စင်ပိတ်သိမ်းအရေးယူရတဲ့ အကြောင်းအရင်း နဲ့ ပတ်သက်လို့ ဖော်ပြထားတာမရှိဘဲ ပြည်ပစေလွှတ်ရေး လုပ်ငန်းစဥ်အပေါ် စည်ကမ်းချိုးဖောက်တာ၊ ဌာနကတောင်းတဲ့ စာရင်းအချက်အလက်တွေ ပေးပို့ဖို့ ပျက်ကွက်တာတွေကြောင့် အရေးယူခံရတာများတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တယောက်က ပြောပါတယ်။
“ဝန်ဆောင်ငွေကြေး ပြဿနာကြောင့် အတိုင်ခံရလို့ အရေးယူတာလည်းရှိတယ်။ အခုနောက်ပိုင်း အာရုံစိုက် တင်းကျပ်နေတဲ့ အလုပ်သမားရဲ့ လွှဲပို့ငွေကိစ္စ တာဝန်မယူနိုင်လို့ ခံရတာတွေပါတယ်။”
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင်က ပြည်ပအလုပ်အကိုင်အေဂျင်စီ ၃၀၀ လောက်ပဲ ရှိခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း အေဂျင်စီအသစ်တွေ တရှိန်ထိုးများလာကာ ၆၀၀ နီးပါးအထိ ရှိလာခဲ့ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီက အခုနှစ်ဆန်းပိုင်းကစပြီး ပြည်ပအလုပ်သမားစေလွှတ်ခွင့်ကို ကန့်သတ်မှုတွေနဲ့ တင်းကျပ်လိုက်တဲ့နောက် အေဂျင်စီအသစ်ဖွင့်တာ ရပ်သွားခဲ့သလို အလုပ်ဆက်မလုပ်နိုင်တော့တဲ့ အေဂျင်စီတွေ များလာတယ်လို့ အဲဒီလုပ်ငန်းအသိုက်ဝန်းဆီက သိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီက အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို ပြည်ပထွက်လုပ်ခွင့်မပေးတော့သလို အေဂျင်စီတခုချင်းအလိုက် စေလွှတ်ရမဲ့ လုပ်သားအရေအတွက်ကိုလည်း ကန့်သတ်ထားတာဖြစ်ပါတယ်။


