
ထိုင်းနိုင်ငံ ဘန်ကောက်အနီး နခွန်းပထုန်ခရိုင်ထဲမှာ ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်သမားကတ်အတု လုပ်ပေးတာ၊ အလုပ်သမားကတ် လိမ်လည်သက်တမ်းတိုးပေးတာတွေ လုပ်နေတဲ့ ထိုင်းအေဂျင်စီတခုကို တာဝန်ရှိသူတွေက ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
CIB ဗဟိုရဲတပ်ဖွဲ့၊ နယ်မြေခံရဲနဲ့ တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်က နခွန်းပထုန်ခရိုင် ဘန်လိန်းမြို့ ဘန်ပလာရပ်ကွက်ရှိ နေအိမ်တလုံးကို သွားရောက် စစ်ဆေးပြီး နိုင်းဆဟာရတ် (၂၈ နှစ်) နဲ့ နိုင်းနာ့သ်ဖုန်း (၂၉ နှစ်) တို့ကို ဖမ်းဆီးခဲ့ပါတယ်။
အဆိုပါနေအိမ်မှ အလုပ်သမားကတ်အတုဆိုင်ရာ အထောက်အထား၊ ငွေလက်ခံတဲ့ ဘဏ်စာရင်းစာအုပ် စတဲ့သက်သေတွေနဲ့ပါ ဖမ်းမိပြီး လုပ်ငန်းလည်ပတ်ငွေ ဘတ်သန်းပေါင်း ၅၀ ရှိတယ်လို့ ဗဟိုရဲတပ်ဖွဲ့မှ တာဝန်ရှိ အမျိုးသမီးရဲမှူး ဖန်းဆာဝဒီ ခွဲ့လယပ်က သတင်းထောက်တွေကို ပြောပါတယ်။
ဒီမတိုင်ခင် ပြီးခဲ့တဲ့ မတ်လက မြန်မာအလုပ်သမားတချို့ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ကြော်ငြာထားတဲ့ ရွှေ့ပြောင်းအလုပ်သမားဝန်ဆောင်မှု အေဂျင်စီတခုနဲ့ ဆက်သွယ်မိပြီး အလုပ်သမားကတ်လုပ်တယ်၊ တချို့က အလုပ်သမားကတ် သက်တမ်းတိုးကြတယ်၊ ငွေကြေးအကုန်ကျခံပြီးနောက် အဲဒီ အထောက်အထားတွေဟာ အတုဖြစ်နေတာကြောင့် နခွန်းပထုန်ရဲစခန်း သွားရောက် တိုင်တန်းခဲ့တယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက စုံစမ်းထောက်လှမ်းမှုပြုရာမှာ သူတို့ဟာ ကုမ္ပဏီအမည်ခံပြီး အလုပ်သမား ဥပဒေဆိုင်ရာ အချက်အလက်တွေ၊ အလုပ်သမားကတ် နမူနာပုံတွေနဲ့ အလုပ်သမားတွေ ယုံကြည်အောင် ဆိုရှယ်မီဒီယာ ပလက်ဖောင်းကနေ ကြော်ငြာတယ်၊ ဝက်ဘ်ဆိုက်အတုနဲ့ အဖွဲ့အစည်းလို စနစ်တကျ လုပ်ဆောင်တယ်၊ ဝန်ဆောင်ခငွေတွေကို အမည်ခံဘဏ်စာရင်းစာအုပ်နဲ့ လက်ခံတယ်၊ အဆိုပါ အမည်ခံ ဘဏ်ငွေစုစာအုပ်ပိုင်ရှင် ၇ ယောက်ကိုလည်း ဖမ်းဝရမ်း ထုတ်ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သူတို့ကုမ္ပဏီဟာ ရွှေ့ပြောင်းအလုပ်သမားတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကောလ်စင်တာ အွန်လိုင်းငွေလိမ်ဂိုဏ်းထံ ရောင်းစားထားတယ်၊ ငွေလိမ်ဂိုဏ်းတွေက အဲဒီအချက်အလက်နဲ့ ဘဏ်ငွေစာရင်းဖွင့်ပြီး လိမ်လည်ငွေတွေ လက်ခံတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူ ၂ ယောက်ကို ဗဟိုရဲတပ်ဖွဲ့က ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားသား အလုပ်သမားခေါ် ယူဖို့ ကြော်ငြာတာ၊ အများပြည်သူကို လိမ်လည်လှည့်ဖြားတာ၊ စာရွက်စာတမ်းတုပတာ၊ ကွန်ပျူတာစနစ်ထဲကို အချက်အလက်အတုတွေ ထည့်သွင်းတာ စတဲ့ပြစ်မှုတွေနဲ့ စွဲချက်တင်ထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Source: CIB / Ejan News / TOP News


