
အလုပ်ရှင်ရဲ့ ဖုန်းနံပါတ်မပေးနိုင်တဲ့ ခွင့်ပြန်အလုပ်သမားတွေကို စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ပြည်ပထွက်ခွာခွင့်မချပေးဘဲ အချိန်ထပ်ဆွဲခံနေရတယ်လို့ ကိုယ်တိုင်ကြုံရတဲ့ အလုပ်သမားတွေဆီက သိရပါတယ်။
အလုပ်သမားဝန်ကြီးဌာနက ခွင့်ပြန်အလုပ်သမားတွေကို ပြည်ပထွက်ခွာခွင့်လျှောက်တဲ့အခါမှာ အလုပ်ရှင်နဲ့ HR တို့ဆီ ဆက်သွယ်လို့ရမဲ့ ဖုန်းနံပါတ်နဲ့ အီးမေးလ်တို့ထည့်ပေးရမယ်ဆိုပြီး အချက်အလက် ထပ်တိုးတောင်းတာ ဖြစ်ပါတယ်။
အလုပ်သမားတချို့မှာ အလုပ်ရှင်နဲ့ တိုက်ရိုက်ဆက်ဆံရတာမရှိတဲ့အတွက် တောင်းထား တဲ့အချက်အလက် ထည့်ပေးဖို့အခက်တွေ့နေရပြီး အဲဒါမပေးလို့ခွင့်ပြုချက်မရရှိတဲ့ အခြေအနေကြုံနေရတယ်လို့ စင်ကာပူကနေ ခွင့်ပြန်အလုပ်သမားတယောက်က ပြောပါတယ်။
"ဖုန်းနံပါတ်ပေးဖို့ မလွယ်တဲ့သူတွေကို စိစစ်ခွင့်ပြုတာ ရပ်ထားတယ်ပြောတယ်။ ဒီကနေ့လှမ်းပြီး သူဌေးဖုန်းနံပါတ် တောင်းဖို့ဆိုတာက လွယ်တာမဟုတ်ဘူး။ ပြန်လာပြီးမှ တော်တော်ဒုက္ခများ နေရတာ။"
ခွင့်ပြန်အလုပ်သမားတွေအနေနဲ့ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) လျှောက်ထားတဲ့အခါ အလုပ်ရှင်ရဲ့ခွင့်စာထည့် ပေးထားပြီးဖြစ်တဲ့အတွက် ဖုန်းနံပါတ် ထပ်တောင်းတာ မဖြစ်သင့်ဘူးလို့ ကာယကံရှင်အလုပ်သမားတွေက ပြောပါတယ်။
စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက ဖုန်းနံပါတ်နဲ့ အီးမေးလ်လိပ်စာတောင်းရတာက အမှန်တကယ်လုပ်ကိုင်နေတဲ့သူ ဟုတ်မဟုတ် ဆက်သွယ်မေးမြန်း အတည်ပြုချက်ယူဖို့အတွက် ဖြစ်တယ်လို့ အကြောင်းပြပါတယ်။
အဲဒီလို ပြန်ထွက်ခွင့်ရဖို့ တောင်းဆိုချက်တွေ ပိုမိုတင်းကျပ်တာတွေလုပ်နေတဲ့အတွက် မြန်မာအလုပ်သမားတွေကို တဖက်အလုပ်ရှင်တွေ စိတ်ပျက်သွားနိုင်တယ်လို့ ခွင့်ပြန်အလုပ်သမား တယောက်က ပြောပါတယ်။
"မလိုအပ်တာတွေ လျှောက်လုပ်နေတာလို့မြင်တယ်။ သူတို့မှာ တယောက်ချင်းစီကို ဖုန်းလိုက်ဆက်နေဖို့ အားနေတာလား မပြောတတ်ဘူး။ လုပ်ငန်းစဥ်နဲ့ပတ်သက်တာ မရှင်းလို့ နေပြည်တော်အလုပ်သမားရုံးကို ဖုန်းဆက်မေးရင် ဖုန်းမကိုင်ဘူး။ သူတို့ကြဖုန်းမကိုင်ပဲနဲ့ ဖုန်းနံပါတ်ထည့်ခိုင်းနေတာ သိပ်မဟုတ်ဘူး။"
စစ်ကောင်စီက အလုပ်အကိုင်အမျိုးအစား ပတ်စ်ပို့ PJ ကိုင်ထားသူတွေကို OWICကတ် ရှိရမယ်ဆိုပြီး သတ်မှတ်ထားသလို ပြည်ပ ထွက်ခွာခွင့်ပြုတဲ့စာရင်းပါမှ လေဆိပ်ကနေ ထွက်ခွင့်ပေးတဲ့စနစ်ကို ဇန်နဝါရီ ၁၂ ရက် စပြီးပြောင်းလဲကျင့်သုံးနေတာဖြစ်ပါတယ်။


