
ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်ရဲ့ စာချုပ်သစ်ကမ်းလှမ်းချက်အပေါ် သဘောတူညီမှုမရရှိခဲ့တဲ့ တိုက်စစ်မှူး ဘင်ဇီမာဟာ အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့တယ်လို့သိရပါတယ်။
အသက် ၃၈ နှစ် ရှိ ပြင်သစ်တိုက်စစ်မှူးဟာ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးဖို့ အကြိုသဘောတူညီမှု ရရှိထားပေမဲ့ အမှန်တကယ် ကမ်းလှမ်းမှုမှာ ထည့်သွင်းထားတဲ့စည်းမျဉ်းတွေနဲ့ ပတ်သက်လို့ ဒေါသထွက်ခဲ့တာလို့ သတင်းတွေမှာဖော်ပြပါတယ်။
ဘယ်လိုအချက်အလက်တွေ ပါဝင်သလဲဆိုတာ အသေးစိတ်မသိရသေးပေမဲ့ ပုံရိပ်အသုံးပြမှု ကိစ္စအပေါ် ကန့်သတ်ချက် ပါဝင်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
ဘင်ဇီမာဟာ အယ်ဖာတက်ချ်နဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ ဆော်ဒီလိဂ်ပွဲစဉ်မှာ မပါဝင်ခဲ့ပါဘူး။ နည်းပြ ကွန်ဆီကာအိုကတော့ ဘင်ဇီမာဟာ စာချုပ်သစ်ကိစ္စအပေါ် သဘောတူညီမှုမရလို့ လူစာရင်းမှာ ပါဝင်ခြင်းမရှိတာလားဆိုတဲ့ မေးခွန်းအပေါ်မှာ အသင်းတာဝန်ရှိသူတွေကို မေးမြန်းသင့်ကြောင်း ပြန်လည်ဖြေကြားသွားပါတယ်။
ဘင်ဇီမာဟာ အစ်တီဟတ်မှာ တပတ်လုပ်ခပေါင် ၁ ဒသမ ၆၁ သန်းအထိ စံချိန်တင် ရရှိနေပြီး တရက်ကို ပေါင် ၂၃၀,၀၀၀ အထိရရှိနေသူဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
Photo: Reuters


