
Nestle နဲ့ Dumex အမှတ်တံဆိပ် ကလေးဖြည့်စွက်စာ ၅ မျိုးကို Cereulide အဆိပ်ပါဝင်နိုင်ခြေ ရှိတာကြောင့် ဈေးကွက်မှာ ရောင်းချမှု ရပ်နားဖို့နဲ့ ကလေးတွေကို မတိုက်ကျွေးဖို့ စင်ကာပူ အစားအသောက်အေဂျင်စီက ဇန်နဝါရီ ၁၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Nestle NAN၊ HA 1၊ Supreme Pro၊ Dumex၊ Dulac 1 စတဲ့ ကလေးဖြည့်စွက်စာ ၅ မျိုးကို ဈေးကွက်ထဲက ပြန်သိမ်းနေတာပါ။
ဒါ့အပြင် အဲဒီအမှတ်တံဆိပ်တွေကို ဝယ်ထားမိရင်လည်း ကလေးတွေကို မတိုက်ကျွေးဖို့နဲ့ စားသုံးပြီး အဆိပ်သင့်လက္ခဏာ ဖြစ်လာရင် ဆေးဘက်ဆိုင်ရာ အကြံပြုချက်တွေ ရယူဖို့လည်း စင်ကာပူနိုင်ငံမှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
အဲဒီဖြည့်စွက်စာတွေထဲမှာ ပါဝင်တယ်လို့ သံသယရှိတဲ့ Cereulide အဆိပ်ကို စားသုံးမိပြီး မိနစ် ၃၀ ကနေ ၆ နာရီအတွင်း မအီမသာဖြစ်တာ၊ အန်တာ၊ ဝမ်းဗိုက်အောင့်တာ၊ ဝမ်းလျှောတာတွေ ဖြစ်စေနိုင်တဲ့အတွက် ကလေးငယ်တွေနဲ့ ခုခံအားနည်းတဲ့သူတွေ စားသုံးမိပါက စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
အဲဒီ ကလေးဖြည့်စွက်စာ ၅ မျိုးကိစ္စနဲ့ပတ်သက်ပြီး စင်ကာပူနိုင်ငံမှာ ဆောင်ရွက်နေတာတွေကို စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အကြောင်းကြားလာတဲ့အတွက် စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက လုပ်ငန်းရှင်တွေကို လိုအပ်သလို ဆက်လက်ဆောင်ရွက်ဖို့ ဆိုပြီး ဇန်နဝါရီ ၂၀ ရက်က စာပေးပို့ထားတာ တွေ့ရပါတယ်။
အဲဒီကုန်ပစ္စည်းတွေ မြန်မာနိုင်ငံမှာ ဆက်လက်ရောင်းချခွင့်နဲ့ ပတ်သက်ပြီး ဘယ်လို ဆောင်ရွက်မလဲ ဆိုတာကိုတော့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။


