Home
မြန်မာသတင်း
စင်ကာပူတွင် မြန်မာမိန်းကလေး ၁ ဦး Vape လက်ဝယ်တွေ့ရှိမှုဖြင့် ပြည်နှင်ဒဏ်ပေးခံရမည်
DVB
·
December 9, 2025
Photo: SCMP

စင်ကာပူနိုင်ငံမှာ အသက်မပြည့်သေးတဲ့ မြန်မာမိန်းကလေးတယောက်ဟာ Vape အီးစီးကရက် လက်ဝယ်တွေ့ရှိမှုနဲ့ ပြည်နှင်ဒဏ်ပေးခံရမှာဖြစ်ပြီး နိုင်ငံတွင်း ပြန်လည်ဝင်ရောက် ခွင့်ပါ ပိတ်ပင်သွားဖို့ ရှိနေတဲ့အကြောင်း Channel News Asia သတင်းမှာ ဒီဇင်ဘာ ၈ ရက်က ဖော်ပြပါတယ်။

အဆိုပါ မိန်းကလေးဟာ အသက် ၁၅ နှစ်အရွယ်သာ ရှိသေးပြီး နိုဝင်ဘာ ၁၄ ရက်မှာ စင်ကာပူ ရဲတပ်ဖွဲ့ရဲ့ ပုံမှန်စစ်ဆေးမှုတခုအတွင်း သူ့ဆီမှာ အီတိုမီဒိတ် (Etomidate) ခေါ်  ထိန်းချုပ်ဆေးဝါးတမျိုးပါတဲ့ Kpod တခုကို တွေ့ရှိခဲ့ရတာလို့ စင်ကာပူပြည်ထဲရေးဝန်ကြီးဌာန (MHA) နဲ့ ကျန်းမာရေးသိပ္ပံအာဏာပိုင်အဖွဲ့ (HSA) တို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ သူ့ကိုတခြားပြစ်မှုတွေအတွက် ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ ကူညီနိုင်ဖို့ အထူးနေထိုင်ခွင့်လက်မှတ်ထုတ်ပေးထားတယ်လို့ ဆိုပါတယ်။

သက်ဆိုင်ရာ အာဏာပိုင်တွေကတော့ “ရဲတပ်ဖွဲ့နဲ့ သူ့အမှုကိစ္စ ပြီးဆုံးသွားရင် သူ့ကို နိုင်ငံကနေ နှင်ထုတ်ပြီး စင်ကာပူကို ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်သွားမှာပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်မှာ စတင်ကျင့်သုံးခဲ့တဲ့ Vape ဆန့်ကျင်ရေးမူဘောင်သစ်အရ Kpod လို့ခေါ်တဲ့ အီတိုမီဒိတ်ပါ Vape တွေကို လက်ဝယ်ထားရှိ အသုံးပြုတဲ့ နိုင်ငံခြားသားတွေဟာ သူတို့ရဲ့ နေထိုင်ခွင့် ဒါမှမဟုတ် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ အဆင့်အတန်းကို ရုပ်သိမ်းခံရပြီး နိုင်ငံကနေ နှင်ထုတ်ကာ ပြန်လည်ဝင်ရောက် ခွင့် ပိတ်ပင်ခံရနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ ဒီဥပဒေသစ်အရ အခု မြန်မာမိန်းကလေးဟာ နိုင်ငံကနေ နှင်ထုတ်ခံရပြီး ပြန် လည်ဝင်ရောက်ခွင့် ပိတ်ပင်ခံရမဲ့ ပထမဆုံး နိုင်ငံခြားသူ ဖြစ်လာပါတယ်။

ဒါ့အပြင် အီတိုမီဒိတ်ပါဝင်တဲ့ Vape တွေကို တင်သွင်းရောင်းချဖြန့်ဖြူးသူတွေအနေနဲ့လည်း ပိုမိုပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ရင်ဆိုင်ရမှာဖြစ်ပြီး တင်သွင်းသူတွေအတွက် ထောင်ဒဏ် ၃ နှစ်မှ ၂၀ နှစ်အထိနဲ့ ကြိမ်ဒဏ် ၅ ချက်မှ ၁၅ ချက်အထိ၊ ရောင်းချသူတွေနဲ့ ဖြန့်ဖြူးသူတွေတွက် ထောင်ဒဏ် ၂ နှစ်မှ ၁၀ နှစ်အထိနဲ့ ကြိမ်ဒဏ် ၂ ချက်မှ ၅ ချက်အထိ ပါဝင်တယ်လို့ သိရပါတယ်။

စင်ကာပူနိုင်ငံမှာတော့ ဒီအမှုနဲ့ ပတ်သက်ပြီး အသက် ၁၆ နှစ်အရွယ် စင်ကာပူနိုင်ငံသား ယောကျ်ားလေးတယောက်ကို အီတိုမီဒိတ်ပါဝင်တဲ့ Vape လက်ဝယ်တွေ့ရှိမှုနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်မှာ ပထမဆုံး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

Source: Channel News Asia

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013