
ဒီဇင်ဘာ ၁၀ ရက်နေ့ ကျရောက်မဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ဆန္ဒပြပွဲကို နော်ဝေနိုင်ငံ၊ အော်စလိုမြို့ရှိ ပါလီမန်ရှေ့ မြက်ခင်းပြင်မှာ မြန်မာ့အရေးလှုပ်ရှားသူတွေနဲ့ ဗီယက်နမ် နိုင်ငံရေးလှုပ်ရှားသူတွေ ပူးပေါင်းပြီး ဒီဇင်ဘာ ၇ ရက်က ကျင်းပပါတယ်။
မိုးတစိမ့်စိမ့်ကျကာ အေးစက်နေတဲ့ ရာသီဥတုအောက်မှာ အခမ်းအနားကို စတင်ခဲ့ကြပြီး အကျဉ်းကျခံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ပုံရိပ်တွေကို ဆန္ဒပြပွဲမှာ AI နည်းပညာနဲ့ Slide ထိုးကာ ပြသခဲ့ပါတယ်။
အခမ်းအနားကို နော်ဝေအလုပ်သမားပါတီရဲ့ လွှတ်တော်အမတ်လည်းဖြစ် နိုင်ငံခြားရေးနှင့် ကာကွယ်ရေးကော်မတီဝင်လည်းဖြစ်တဲ့ မစ္စထရီနာလီဆာဆွန်းနက်စ်လည်း တက်ရောက်ခဲ့ပြီး ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နေသူတွေနဲ့အတူ ရပ်တည်ကြောင်း၊ နော်ဝေပါလီမန်မှာ မြန်မာ့အရေးကို ဆွေးနွေးပြောဆိုနိုင်အောင် ကူညီသွားမှာဖြစ်ကြောင်း တက်ကြွစွာ ပြောကြားခဲ့သလို ရှေ့ဆက်လုပ်ဆောင်မဲ့ အစီအစဉ်တွေကို ပြောသွားပါတယ်။
ဗီယက်နမ်တက်ကြွလှုပ်ရှားသူတွေကလည်း ကွန်မြူနစ်အစိုးရအောက်မှာ ဒီမိုကရေစီရေး တောင်းဆိုသူတွေ ဖိနှိပ်ခံနေရမှုနဲ့အတူ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေကို ဖွင့်ချ ရှုတ်ချခဲ့ပြီး နော်ဝေ အပါအဝင် ကမ္ဘာ့နိုင်ငံတွေက ဝိုင်းဝန်းကူညီပေးကြဖို့ တောင်းဆိုသွားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နော်ဝေနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးမောင်မောင်မြင့်ကလည်း စစ်ကောင်စီရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ရှုတ်ချ ပြောကြားခဲ့ပါတယ်။
Myanmar (CRPH) Support Group Norway ရဲ့ အတွင်းရေးမှူး မဝတ်မှုန်ကလည်း ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ မညီတဲ့ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံဘဲ ကန့်ကွက် သပိတ်မှောက်ကြဖို့ တိုက်တွန်း ပြောသွားပါတယ်။
ဆန္ဒပြပွဲမှာ ဗီယက်နမ်နဲ့ မြန်မာအဖွဲ့တွေက သက်ဆိုင်ရာ နိုင်ငံတော်သီချင်းတွေ၊ တော်လှန်ရေး သီချင်းတွေ သီဆိုတာ၊ ကြွေးကြော်သံတွေ ဟစ်ကြွေးတာတွေ ပြုလုပ်ပြီး တက်ကြွစွာ ပါဝင်ခဲ့ကြပါတယ်။
အဆိုပါ ဆန္ဒပြပွဲကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအပြင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစား တန်ဖိုးထားတဲ့ သတင်းသမားတွေနဲ့ နော်ဝေနိုင်ငံသားတချို့လည်း ပါဝင် တက်ရောက်ခဲ့ကြပါတယ်။
အောင်ကျော်


