
ထိုင်းနိုင်ငံ စမွတ်စခွန်းနဲ့ ဥထိုင်းဌာနီခရိုင်တွေမှာ မြန်မာဘက်က ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ တရားမဝင်ဘစ်ကွိုင် (Bitcoin) ထုတ် စက်ကိရိယာ အမြောက်အမြား သိမ်းဆည်းရမိကြောင်း ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းက ဒီဇင်ဘာ ၃ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
ထိုင်းလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာနနဲ့ ထိုင်းအထူးမှုခင်းစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ DSI တို့ဟာ “Operation Copperhead” ဆိုတဲ့ စီမံချက်နဲ့ တရားမဝင် ငွေကြေးလည်ပတ်မှုတွေ စုံစမ်းထောက်လှမ်းခဲ့ပါတယ်။
အချက်အလက်တွေအရ စမွတ်စခွန်းခရိုင်မှာ ၆ နေရာနဲ့ ဥထိုင်းဌာနီမှာ တနေရာကို သွားရောက်စစ်ဆေးခဲ့တာမှာ ဘစ်ကွိုင်ထုတ် ကိရိယာတွေဟာ ဂိုထောင်ထဲမှာရော ကွန်တိန်နာနဲ့ နေအိမ်တွေမှာပါ ထားရှိတာ တွေ့ရပြီး အဆိုပါ ၇ နေရာကနေ ဘတ်သန်းပေါင်း ၃၀၀ ခန့် တန်ဖိုးရှိ ဘစ်ကွိုင်ထုတ်ကိရိယာပေါင်း ၃,၆၄၂ ခုကို သိမ်းဆည်းခဲ့တယ်၊ ဒါ့အပြင် ဘတ်သန်းပေါင်း ၃၀ တန်ဖိုးရှိ လျှပ်စစ်ဓာတ်အားနဲ့ ဆက်စပ်တဲ့ ကိရိယာတွေပါ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
မသမာသူတွေဟာ အဆိုပါ ဘစ်ကွိုင်တွေကို တရားမဝင်ထုတ်နေတာ ၃ နှစ်ရှိသွားပြီဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားကိုလည်း ခိုးယူသုံးစွဲတယ်၊ အဆိုပါထုတ်လုပ်မှုမှာ လျှပ်စစ်စွမ်းအင်များစွာ အသုံးပြုရပြီး လျှပ်စစ်ဓာတ်အသုံးများတာ မရိပ်မိအောင် ရေနဲ့အပူချိန် ထိန်းညှိကိရိယာ၊ အသံလုံခန်းတွေပါ ဖွဲ့ထားတယ်၊ လျှပ်စစ်ဓာတ်အားကို လပေါင်းများစွာ ခိုးယူသုံးစွဲခံရတဲ့အတွက် နိုင်ငံတော်အနေနဲ့ ဘတ်သန်းပေါင်း ၃,၀၀၀ ကျော် ဆုံးရှုံးတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
ဆုံးရှုံးမှုတွေ ပြန်ရစေဖို့ ပြစ်မှုနဲ့ သက်ဆိုင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းရမယ်၊ ဒီ ဘစ်ကွိုင် ထုတ်လုပ်မှုဟာ မြန်မာဘက်ခြမ်းက တရုတ်ငွေလိမ် (ကျားဖြန့်ဂိုဏ်း) တို့ရဲ့ ငွေကြေးခဝါချမှုတွေနဲ့လည်း ဆက်စပ်မှုရှိတယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောသွားပါတယ်။
Bitcoin mining ဆိုတာ အင်အားကြီး ကွန်ပျူတာတွေကိုသုံးပြီး အရောင်းအဝယ်စာရင်းတွေကို တွက်ချက် အတည်ပြု မှတ်တမ်းတင်ကာ ဆုကြေးအဖြစ် Bitcoin ပြန်လည်ရရှိတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။
Source: Thairath / Workpoint News


