
ထိုင်းနိုင်ငံ၊ ရနောင်းထောင်မှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးနောက် လွတ်ရက်စေ့လို့ ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသား ၁၀၄ ယောက်ထဲက ၆၀ ကျော်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီတပ်က ခေါ်ဆောင်ထားတယ်လို့ အလုပ်သမားအရေး ကူညီနေသူတွေက ပြောပါတယ်။
ရနောင်းခရိုင် အာဏာပိုင်တွေက အမျိုးသမီး ၂၃ ယောက်၊ အမျိုးသား ၈၁ ယောက် စုစုပေါင်း ၁၀၄ ယောက်ကို မြန်မာဘက်ခြမ်း ကော့သောင်းမြို့ထဲကို ဒီဇင်ဘာ ၃ ရက်က ပြန်လည်လွှဲပြောင်း ပို့ဆောင်ခဲ့တာပါ။
ပြန်ပို့ခံရသူတွေထဲက တနင်္သာရီမှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကို ပြန်လွှတ်ပေးပြီး ကျန်တဲ့သူတွေကို စစ်မှုထမ်းအတွက် ခလရ ၄၃၁ တပ်ရင်းကို ပို့ဆောင်းထားတယ်လို့ အလုပ်သမားအရေး ကူညီနေသူတယောက်က DVB ကို ပြောပါတယ်။
“အရင်လို အကုန်လုံးဖမ်းတာမျိုး ဒီတခေါက်တော့ မရှိတော့ဘူး။ တနင်္သာရီမှတ်ပုံတင် ကိုင်ထားတဲ့ အမျိုးသားတချို့နဲ့ အမျိုးသမီးတွေကို ပြန်ခွင့်ပေးတယ်။ ကျန်တဲ့ ၆၀ ကျော်ကို စစ်မှုထမ်းဖို့အတွက် ခလရ ၄၃၁ တပ်ရင်းကို ခေါ်သွားတယ်။ သူတို့ကို ကော့သောင်း ၈ မိုင်ဆေးရုံမှာ ဆေးတွေစစ်ပြီးရင် မြိတ်က စစ်သင်တန်းကျောင်းကို ပို့ဖို့ စီစဉ်နေပါတယ်။”
ရနောင်းခရိုင်အတွင်း အကြောင်းအမျိုးမျိုးနဲ့ ထောင်ကျကာ လွတ်ရက်စေ့ပြီး ပြန်ပို့ခံရသူတွေထဲက အမျိုးသား လူငယ်တွေကို စစ်ကောင်စီက စစ်မှုထမ်းအတွက် အမြဲဖမ်းဆီးနေတာ ဖြစ်ပါတယ်။
ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်းမှာ ပြစ်ဒဏ်ကျခံပြီးနောက် လွတ်ရက်စေ့တဲ့ မြန်မာနိုင်ငံသားတွေကို လစဉ် အသုတ်လိုက်ခွဲပြီး ကော့သောင်းမြို့ကို နေရပ်ပြန်ပို့နေတာဖြစ်ပြီး ဒီနှစ်ထဲမှာ ၁၅ ကြိမ်ခန့်၊ လူဦးရေ ၂,၀၀၀ ခန့်ကို ပို့ဆောင်ထားတယ်လို့ ကူညီပေးနေသူတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလထဲမှာ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံသားတွေကို ကူညီကယ်ဆယ်ပေးဖို့နဲ့ အထောက်အထားမဲ့ မြန်မာပြည်သူတွေကို ဖမ်းဆီးပြီး မြန်မာနိုင်ငံကို ပြန်ပို့နေတာဟာ စစ်တပ်အတွက် စစ်မှုထမ်းဖို့ ပို့ဆောင်ပေးနေသလို ဖြစ်နေတယ်လို့ ထောက်ပြထားပါတယ်။


