
ထိုင်းနိုင်ငံမှာ မတော်တဆထိခိုက်မှု လျှော့ချရေးအတွက် အရက်ရောင်းချချိန်၊ ဆိုင်ထိုင်သောက်ချိန်တွေကို ကန့်သတ်ထားရာက ပွင့်လင်းရာသီ ခရီးသွားလုပ်ငန်းအတွက် အဆိုပါ ကန့်သတ်ချိန်တွေ ပြန်လည်ဖြေလျှော့ပေးလိုက်တယ်လို့ ထိုင်းဝန်ကြီးများရုံးက ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့စာမှာ ဒီကြေညာချက်ဟာ ဒီဇင်ဘာ ၃ ရက်က စတင်အသက်ဝင်မယ်၊ ပြီးခဲ့တဲ့ ၂၀၂၅ ဇွန် ၂၃ ရက်က ဝန်ကြီးများရုံးက ထုတ်ပြန်ထားတဲ့ ယမကာရောင်းချချိန်နဲ့ ပတ်သက်တဲ့ ကြေညာချက် ပြန်လည်ရုပ်သိမ်းတယ်လို့ ဆိုပါတယ်။
မူလကြေညာချက်မှာ အရက်ကို မနက် ၁၁ နာရီကနေ နေ့လယ် ၂ နာရီတွင်းနဲ့ ညနေ ၅ နာရီကနေ ညသန်းခေါင် ၁၂ နာရီထိသာ ရောင်းချခွင့်ပြုမယ်၊ ကျန်တဲ့အချိန်မှာ ရောင်းချခွင့်မပြု ဆိုတဲ့ ကန့်သတ်ချက်ကို ပြန်ရုပ်သိမ်းတယ်။ ဒါပေမဲ့ ရက်ပေါင်း ၁၈၀ ကာလ (၆ လ) အတွင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၂ ရက် ကြေညာချက်အသစ်အရ မနက် ၁၁ နာရီမှ ည ၁၂ နာရီထိ အရက်ရောင်းချခွင့်ရှိမှာ ဖြစ်ပါတယ်။
ဆိုင်ထိုင် အရက်သောက်ချိန် ည ၁၂ နာရီထက် မပိုရဆိုတဲ့ ကန့်သတ်ချက်မှာလည်း မနက် ၁ နာရီထိ အချိန်တိုးမြှင့်လိုက်တယ်။ မနက် ၁ နာရီထိ ဆိုင်မှာ ထိုင်သောက်နိုင်ပြီး ရက်ပေါင်း ၁၈၀ ကာလအတွင်း ဖြစ်ပါတယ်။
အဆိုပါကြေညာချက်ဟာ တရားဝင် အရက်ရောင်းချခွင့်ရှိတဲ့ ဆိုင်တွေအတွက်သာဖြစ်ပြီး တရားမဝင် အရက်ဆိုင်တွေကတော့ ဥပဒေနဲ့ မညီညွတ်ပါဘူး။
ထိုင်းမှာ ပွင့်လင်းရာသီ ခရစ္စမတ်ပွဲ၊ နှစ်သစ်ကူးပွဲ ကာလတွေအတွင်း မတော်တဆ ထိခိုက်မှုတွေ ပိုများပြီး အထူးသဖြင့် နေ့လယ် ၂ နာရီမှ ၅ နာရီကြားနဲ့ မနက် ၂ နာရီနဲ့ ၃ နာရီကြားမှာ ဖြစ်လေ့ရှိတာကြောင့် ထိုင်းနိုင်ငံ အဖျော်ယမကာဥပဒေဆိုင်ရာ ကော်မတီက အရက်ရောင်းချိန် ကန့်သတ်ဖို့ ဝန်ကြီးများအဖွဲ့ကို အဆိုပြုခဲ့တာပါ။
ဒါပေမဲ့ အဆိုပါပြဋ္ဌာန်းချက်ကို စီးပွားရေးလုပ်ငန်းရှင်နဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ တာဝန်ရှိသူတွေက တိုင်းပြည်ဝင်ငွေ လျော့နည်းနိုင်ကြောင်း ထောက်ပြတာကြောင့် အခုလို ပြန်လည်ပြင်ဆင်လိုက်တာ ဖြစ်ပါတယ်။
Source: PPTV HD 36


